မောတောင်မြို့ကို အာဏာသိမ်းစစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်ပေမယ့် ကုန်စည်ရောင်းဝယ်မှုတွေ ချက်ချင်းပြန်လုပ်နိုင်ဦးမှာမဟုတ်

The Farmer Times၊ မေလ ၂၀ ရက်၊ ၂၀၂၆ ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးမှာ အရေးပါတဲ့ တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ် မောတောင်မြို့ကို အာဏာသိမ်းစစ်တပ်က မေလ ၁၉ ရက်နေ့မှာ ပြန်လည်ထိန်းချုပ်လိုက်ပေမယ့် မြေပြင်အခြေအနေ တွေကြောင့် ကုန်စည်စီးဆင်းမှု ပြန်လည်ကောင်းမွန်လာဖို့ အချိန်အတော် ကြန့်ကြာဦးမှာ ဖြစ်တယ်လို့..

The Farmer Timesမေလ ၂၀ ရက်၊ ၂၀၂၆

ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးမှာ အရေးပါတဲ့ တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ် မောတောင်မြို့ကို အာဏာသိမ်းစစ်တပ်က မေလ ၁၉ ရက်နေ့မှာ ပြန်လည်ထိန်းချုပ်လိုက်ပေမယ့် မြေပြင်အခြေအနေ တွေကြောင့် ကုန်စည်စီးဆင်းမှု ပြန်လည်ကောင်းမွန်လာဖို့ အချိန်အတော် ကြန့်ကြာဦးမှာ ဖြစ်တယ်လို့ ဒေသခံနယ်စပ်ကုန်သည်တွေက ပြောဆိုကြပါတယ်။

လက်ရှိမှာ ဒေသခံပြည်သူ သောင်းနဲ့ချီပြီး စစ်ဘေးရှောင်နေရတာ အပါအဝင် အာဏာသိမ်းစစ်တပ်က မောတောင်မြို့ပေါ်က ကုန်သည်တွေနဲ့ ဒေသခံပြည်သူတွေကို  ဖမ်းဆီးစစ်ဆေးမှုတွေလည်း ပြုလုပ်နေ တဲ့ အခြေအနေတွေကြောင့် ကုန်စည်စီးဆင်းပြီး အရောင်းအဝယ် ပုံမှန်ပြန်ဖြစ်ဖို့က လချီကြာမြင့်နိုင် တယ်လို့ သုံးသပ်နေကြတာ ဖြစ်ပါတယ်။

မောတောင်ဒေသခံ ကုန်သည်တစ်ဦးက “လတ်တလော ကုန်သွယ်နိုင်ဖို့ မဖြစ်နိုင်သေးပါဘူး။ အရင်လက တည်းက တိုက်ပွဲတွေကြောင့် အသေးစားတစ်နိုင်တပိုင်ပဲ လုပ်ခဲ့ကြတာပါ။ ရေထွက်ကုန်တွေကို အဓိက တင်ပို့တာ၊ တနိုင်တပိုင် သွားရောင်းတာ၊ လာဝယ်တာရှိပေမယ့် အင်နဲ့အားနဲ့ မလုပ်နိုင်ဘူး။ ဘယ်လို အ ခြေအနေ ဖြစ်လာမယ်ဆိုတာ မသိရသေးဘူး။ စီးပွားရေးသမားတွေကို စစ်တပ်က ဆွေးနွေးမယ် အဆင် မပြေရင် ဖမ်းမယ်ဆိုတော့ ဘယ်ကုန်သည်မှ လောလောဆယ် ရှိမနေဘူး။ ရှောင်နေရတာ၊ အခြေအနေ ကြည့်ပြီးမှ ပြန်ဝင်ရမှာ” လို့ ဆိုပါတယ်။

မောတောင်မြို့ဟာ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးစခန်းရှိပြီး တနင်္သာရီတိုင်းရဲ့ ရေထွက်ပစ္စည်းတွေ၊ စိုက် ပျိုးရေးထွက်ကုန်တွေကို ထိုင်းနိုင်ငံဘက်သို့ တရားဝင်တင်ပို့သလို ထိုင်းနိုင်ငံဘက်ကလည်း ကုန်စည် တွေ အပြန်အလှန်ဝင်ရောက်တဲ့ ဂိတ်တစ်ခု ဖြစ်ပါတယ်။

လက်ရှိမှာ စစ်ကောင်စီဘက်က မောတောင်မြို့ကို အလုံးစုံ ပြန်လည်သိမ်းပိုက် ထိန်းချုပ် နိုင်ခဲ့ပြီဖြစ်လို့ မြန်မာ-ထိုင်း နှစ်နိုင်ငံကုန်စည်စီးဆင်းမှုတွေ ချက်ချင်းပြန်လုပ်တော့မယ်လို့ ပြောဆိုနေပေမယ့် မြေပြင် လက်တွေ့ အခြေအနေနဲ့ ကွာခြားနေတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေနဲ့ အာဏာသိမ်းစစ်တပ်တို့အကြား မောတောင်မြို့ ပတ်ဝန်းကျင်မှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီးနောက် စစ်ကောင်စီဘက်က မြေပြင်စစ်ကြောင်းတွေအပြင် လေကြောင်းပါသုံးပြီး အပြင်းအထန် ထိုးစစ်ဆင်ခဲ့တာကြောင့် တော်လှန်ရေးတပ်တွေ နောက်ဆုတ်ပေး ခဲ့ရတယ်လို့ KNU က ပြောဆိုထားပါတယ်။

လက်ရှိမှာ စစ်ကောင်စီရဲ့ ထိုးစစ်ကြောင့် တနင်္သာရီ-မောတောင်လမ်းတစ်လျှောက်ရှိ ချောင်းနားပေါက်၊ သိက္ခော၊ သဲဖြူ၊ အထက်ကွမ်းသီးတော၊ အရှေ့ကမ်း၊ ညောင်ပင်ကွင်း၊ ဘန်လော့နဲ့ မောတောင်ငယ် ရွာတွေ အပါအဝင် ကျေးရွာ ၁၀ ရွာထက်မနည်းက ဒေသခံ သောင်းနဲ့ချီပြီး စစ်ဘေးရှောင်နေရပြီး၊ လက် ရှိမှာလည်း စစ်ကောင်စီတပ်က မောတောင်မြို့တွင်းမှာ လုံခြုံရေ တင်းကျပ်ထားပြီး ပြည်သူတွေကို စစ် ဆေးဖမ်းဆီးတာတွေ လုပ်ဆောင်နေတာကြောင့် ဒေသခံအချို့ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင် နေရဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကရင်အမျိုးသားအစည်းအရုံး (KNU) အပါအဝင် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဟာ မောတောင်မြို့ကို ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်နေ့မှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး ၇ လအကြာ ယခု မေလ ၁၉ ရက်နေ့ ညနေပိုင်းမှာ ပြန်လည်လက်လွှတ်ခဲ့ရတာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံဘက်ခြမ်း ဆင်ခွန်းနယ်စပ်ဂိတ်နဲ့ ထိစပ်နေတဲ့ မောတောင်မြို့ဟာ နယ်စပ်ကုန်သွယ်ရေးမှာ အရေးပါသလို၊ ယခင် ၁၉၉၀ ပြည့်နှစ် မတိုင်ခင်က KNU တနင်္သာရီမြို့နယ်ရဲ့ ဌာနချုပ်အဖြစ် ရုံးစိုက်ခဲ့ပြီး စစ်တပ်ထိုးစစ်ကြောင့် လက်လွှတ်ခဲ့ရဖူးတဲ့ သမိုင်းဝင်နေရာလည်း ဖြစ်ပါတယ်။ လက်ရှိ မြန်မာနဲ့ ထိုင်းနယ်စပ်မှာ မြဝတီ၊ တာချီလိတ်၊ ကော့သောင်း၊ မြိတ်၊ ထီးခီးနဲ့ မောတောင်ဆိုပြီး နှစ်နိုင်ငံ နယ်စပ် ကုန်သွယ်ရေးစခန်း စုစုပေါင်း ၆ ခုရှိတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You May Have Missed