ကျူးဘားသမ္မတဟောင်း ရာအူးလ်ကက်စထရိုကို အမေရိကန်က ရာဇဝတ်မှုဖြင့် တရားစွဲ

The Farmer Times၊ မေလ ၂၁ ရက်၊ ၂၀၂၆ ကျူးဘားသမ္မတဟောင်း ရာအူးလ်ကက်စထရို အပါအဝင် ထိပ်ပိုင်းခေါင်းဆောင် ၆ ဦးကို အမေရိကန် နိုင်ငံသားတွေကို သတ်ဖြတ်မှု၊ လေယာဉ်ဖျက်ဆီးမှုတွေနဲ့ မေလ ၂၀ ရက်နေ့မှာ အမေရိကန်အစိုးရက ဖက်ဒရယ်တရားရုံးမှာ တရားဝင် တရားစွဲဆိုလိုက်ပါတယ်။ နှစ်..

The Farmer Times၊ မေလ ၂၁ ရက်၊ ၂၀၂၆

ကျူးဘားသမ္မတဟောင်း ရာအူးလ်ကက်စထရို အပါအဝင် ထိပ်ပိုင်းခေါင်းဆောင် ၆ ဦးကို အမေရိကန် နိုင်ငံသားတွေကို သတ်ဖြတ်မှု၊ လေယာဉ်ဖျက်ဆီးမှုတွေနဲ့ မေလ ၂၀ ရက်နေ့မှာ အမေရိကန်အစိုးရက ဖက်ဒရယ်တရားရုံးမှာ တရားဝင် တရားစွဲဆိုလိုက်ပါတယ်။

နှစ် ၆၀ နီးပါး သက်တမ်းရှိနေပြီဖြစ်တဲ့ ကျူးဘားကွန်မြူနစ် အစိုးရကို ရာထူးကနေ ဖယ်ရှားနိုင်ဖို့ စစ်ရေး နဲ့ သံတမန်ရေးအရ ဖိအားပေးမှုတွေကို ထရမ့်အစိုးရအဖွဲ့က အရှိန်မြှင့်လုပ်ဆောင်လိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

အသက် ၉၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကက်စထရိုကို ဖလော်ရီဒါပြည်နယ်၊ မိုင်ယာမီမြို့တရားရုံးမှာ စွဲချက်တင်ခဲ့တာဖြစ်ပြီး၊ လွန်ခဲ့တဲ့ နှစ် ၃၀ (၁၉၉၆ ခုနှစ်)က ဖလော်ရီဒါရေလက်ကြားအတွင်း ကျူးဘားဒုက္ခသည်တွေကို ကယ်ဆယ်ရေးလုပ်ဆောင်နေတဲ့ အမေရိကန်အခြေစိုက် “Brothers to the Rescue” စေတနာ့ဝန်ထမ်းအဖွဲ့ရဲ့ အသေးစား လေယာဉ်နှစ်စီးကို ကျူးဘားစစ်တပ်က တိုက်လေယာဉ်တွေနဲ့ ပစ်ခတ်နှစ်မြှုပ်ခဲ့လို့ အမေရိကန်နိုင်ငံသား ၄ ဦး သေဆုံးခဲ့ရတဲ့ ဖြစ်စဉ်အပေါ် အခြေခံထားတာ ဖြစ်ပါတယ်။

ထိုစဉ်က ကျူးဘားကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ယူထားတဲ့ ရာအူးလ်ကက်စထရိုဟာ အဆိုပါ အရပ်ဘက်လေယာဉ်တွေကို ဒုံးကျည်နဲ့ ပစ်ခတ်ဖို့ တိုက်ရိုက်အမိန့်ပေးခဲ့သူအဖြစ် စွပ်စွဲခံထားရပါတယ်။

ကျူးဘားသမ္မတ မီဂွယ်ဒီယက်ဇ်ကာနယ် (Miguel Díaz-Canel) ကတော့ ဒီစွဲချက်တွေဟာ ကွန်မြူနစ် ကျူးဘားနိုင်ငံအပေါ် အမေရိကန်က စစ်ရေးအရ ကျူးကျော်တိုက်ခိုက်ဖို့ နိုင်ငံရေးကစားကွက်ဆင်နေတာ ဖြစ်တယ်လို့ တုန့်ပြန်ထားပါတယ်။

သမ္မတ ဒေါ်နယ်ထရမ့်ကတော့ “ကျူးဘားကို စစ်ရေးအရ အခြေအနေ တင်းမာမှုတွေအထိတော့ လုပ် ဆောင်မှာ မဟုတ်ပါဘူး” လို့ အိမ်ဖြူတော်မှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

ရာအူးလ်ကက်စထရိုဟာ ၂၀၁၆ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အထိ ကျူးဘားသမ္မတအဖြစ် တာဝန်ယူခဲ့ပြီး၊ လက်ရှိမှာ ရာထူးက အနားယူထားပေမယ့် ကျူးဘားကွန်မြူနစ်ပါတီနဲ့ နိုင်ငံရေး အသိုင်းအဝိုင်းမှာ သြဇာအရှိဆုံးပုဂ္ဂိုလ်အဖြစ် ဆက်လက်ရှိနေဆဲ ဖြစ်ပါတယ်။

REF: The Guardian

Leave a Reply

Your email address will not be published. Required fields are marked *

You May Have Missed