October 18, 2026

ပိုလန်သို့ မြန်မာ့ဆန်တင်ပို့မှု ထိခိုက်မှုမရှိဟု MRF ဆို

The Farmer Times၊ စက်တင်ဘာလ ၁၃ ရက်၊ ၂၀၂၆။

ပိုလန်နိုင်ငံကို တင်ပို့ခဲ့တဲ့ မြန်မာဆန် တန် ၂၅၀ မှာ ပိုးမွှားအသေတွေ့တာဖြစ်ပြီး၊ ပိုးသတ်ဆေး ဓာတ် ကြွင်း ကျန်ရှိတာမဟုတ်တဲ့အတွက် မြန်မာကနေ ပိုလန်နိုင်ငံကို ဆန်တင်ပို့နေမှုအပေါ် ဆိုးကျိုးသက် ရောက်မှုမရှိဘူးလို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်-MRF က ပြောပါတယ်။

လက်ရှိမှာ ပိုလန်နိုင်ငံဘက်က ဆန်ဝယ်တဲ့ကုမ္ပဏီကလည်း ပိုးမွှားအသေတွေ့တဲ့ ဆန်တွေကို ပြန်လည် သန့်စင်ပြီး၊ စျေးကွက်အတွင်း ရောင်းချဖို့ လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။

” ပိုးအသေတွေ့တာက ပိုးသတ်ဆေးဓါတ်ကြွင်း မဟုတ်ပါဘူး။ ပိုလန်ကုမ္ပဏီက ဆန်စက်မှာ ပြန်သန့် စင်ပြီး ပိုးအသေကောင်တွေ ဖယ်ရှားသန့်စင်ပြီး ပြန်ထုပ်ပိုးရောင်းချဖို့ စီစဉ်နေကြောင်း ပြောပါတယ်။ ဆန်ကလည်း ပုံမှန်ပို့နိုင်ပါတယ်။ အခုဖြစ်စဉ်က အဓိက က သင်္ဘောပေါ်မှာ ၄ လလောက် အချိန်ကြာ မြင့်သွားတာကြောင့်ပါ။ ဓါတုဓါတ်ကြွင်းကျန်တာ မဟုတ်ပါ။ ဓါတုဓါတ်ကြွင်း ကျန်တာဆိုရင် ဟိုနိုင်ငံ မှာ လက်မခံဘဲ ပြန်တောင်ပို့ပါတယ်။” လို့ MRF တာဝန်ရှိသူက ပြောပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ပိုလန်နိုင်ငံ အပါအဝင် ဥရောပနိုင်ငံတွေကို ဆန်တင်ပို့ပါက သင်္ဘောမတင်မှီ စစ် ဆေးမှုနဲ့ အရည်အသွေးဆိုင်ရာ သတ် မှတ်ချက်တွေကို တတိယအဖွဲ့အစည်းတွေဘက်က Microbiological Requirement, Phytosanitary, GMO Free, Fumigation, Heavy Metals,Mycotoxins, Other Toxins နဲ့ pesticides Residue တို့ကို စစ်ဆေးခံယူခဲ့ရတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံက ဆန်တင်ပို့နေတဲ့ ကုမ္ပဏီတွေဟာ ပို့ကုန်တင်ပို့ရာမှာ နိုင်ငံတကာ လုပ်ထုံးလုပ်နည်းများ၊ နိုင်ငံတကာ ကုန်သွယ်မှု (International Trade Incoterms) တို့နှင့်အညီ FOB စနစ်ဖြင့် တင်ပို့နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။

FOB စနစ်ဆိုတာက သင်္ဘောတင်ပြီးချိန်အထိသာ ကုန်တင်ပို့သူ (Seller) အနေဖြင့် တာဝန်ရှိပြီး၊ အဲဒီ နောက်ပိုင်း အရည်အသွေးဆိုင်ရာ တာ ဝန်ဟာ စာချုပ်အရ ဝယ်ယူတဲ့ Buyer နှင့် အရည်အသွေး စစ်ဆေးတဲ့ တတိယအဖွဲ့အစည်းများနဲ့သာ အဓိကသက်ဆိုင်တယ်လို့ MRF က ပြောဆိုထားပါတယ်။

ဆန်တင်ပို့ရာမှာ သင်္ဘောပေါ်မှာ ခရီးကွာဝေးမှုကြောင့် အချိန်ကြာမြင့်ခြင်း၊ ကုန်ဝယ်ယူတင်သွင်းသူ (Buyer) ရဲ့ သင်္ဘောစီစဉ်မှုနှင့် ကုန်သေတ္တာ ထုတ်ယူမှု အပါအဝင် တခြားကိစ္စရပ်တွေကြောင့် အချိန်ကြာမြင့်တဲ့ အခြေအနေ ဖြစ်တတ်တဲ့အတွက် မြန်မာ့ဆန် တင်ပို့သူတွေအနေနဲ့ ပိုမိုဂရုပြုပြီး အရည် အသွေး စီမံခန့်ခွဲမှုစနစ်ကို အလေးအနက်ထား လိုက်နာဆောင်ရွက်ဖို့ စက်တင်ဘာ ၁၁ ရက်မှာ MRF က ထုတ်ပြန်အသိပေးထားပါတယ်။

ပိုလန်နိုင်ငံ အပါအဝင် အခြားသော ဥရောပနိုင်ငံများ၊ အခြားသော ဆန်ဝယ်လက်နိုင်ငံများရှိ ဆန်ဝယ် ယူသူ (Buyer) တွေအနေနဲ့လည်း မြန်မာနိုင်ငံရှိ ဆန် တင်ပို့ရောင်းချသူ (Seller-Exporter) တို့အကြား စာချုပ်ကို ခိုင်မာစွာချုပ်ဆိုရန်နှင့် အရည်အသွေးပိုင်း တာဝန်ယူမှု၊ တာဝန်ခံမှုတို့ကို ရှင်းလင်းတိကျစွာ ဖော်ပြဆောင်ရွက်ကြဖို့ အသင်းဝင် ပို့ကုန်ကုမ္ပဏီတွေကို MRF က တိုက်တွန်းထားပါတယ်။

အခု ပိုလန်မှာ ဖြစ်ပွားတဲ့ကိစ္စရပ်အပေါ်မှာလည်း ဆက်လက်လေ့လာသုံးသပ်ပြီး လိုအပ်တဲ့ ပြင်ဆင် ဆောင်ရွက်ရမယ့် ကိစ္စရပ်တွေကို သက်ဆိုင်ရာဝန်ကြီးဌာနထံ တင်ပြလမ်းညွှန်မှုရယူပြီး ဆောင်ရွက် သွားမယ်လို့လည်း အသိပေးထားပါတယ်။

ပိုလန်နိုင်ငံဟာ သူတို့နိုင်ငံတွင်း အသုံးပြုမှုအတွက်လည်းကောင်း၊ ဥရောပအရှေ့ပိုင်းနှင့် အလယ်ပိုင်းရှိ တခြားကုန်းတွင်းပိတ်နိုင်ငံများအတွက်လည်းကောင်း မြန်မာ့ဆန်ဖြူနဲ့ ပေါင်းဆန်ကို ပုံမှန်ဝယ်ယူ တင်သွင်းနေတဲ့နိုင်ငံ ဖြစ်ပါတယ်။

မြန်မာနိုင်ငံကနေ ပိုလန်နိုင်ငံကို ပေါင်းဆန်နဲ့ ဆန်ဖြူတင်ပို့မှု အနေနဲ့ ၂၀၂၄-၂၅ ဘဏ္ဍာရေးနှစ်မှာ ကုမ္ပဏီ ၃၆ ခုက ဆန်တန်ချိန် ၇၉,၄၃၂ တန်၊ ၂၀၂၅-၂၆ ဘဏ္ဍာရေးနှစ်မှာ ကုမ္ပဏီ ၂၉ ခုက ၆၄,၇၅၂ တန်၊ ၂၀၂၆-၂၇ ဘဏ္ဍာရေးနှစ်မှာ ကုမ္ပဏီ ၂၂ ခုက ဆန်တန်ချိန် ၃၇,၃၄၃ ခန့် အသီးသီးတင်ပို့ထားတယ်လို့ MRF က ဖော်ပြထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Copyright © All rights reserved. | Newsphere by AF themes.