October 18, 2026

မိုးစပါးအသစ်တွေ စတင်ရိတ်သိမ်းနေချိန် စပါးစျေး ကျဆင်းလာလို့ တောင်သူများ အခက်တွေ့နေ

The Farmer Times၊ စက်တင်ဘာလ  ၁၂  ရက်၊ ၂၀၂၆။

မိုးစပါးအသစ်တွေ စတင်ရိတ်သိမ်းနေချိန် အခု စက်တင်ဘာလအတွင်း  စပါးစျေးတွေ အကျစျေးဘက် စတင်ရောက်ရှိလာလို့ စိုက်စရိတ်အရင်းပြန်မရထိ ကျဆင်းသွားမှာကို တောင်သူတွေက စိုးရိမ်နေကြပါ တယ်။

ပြီးခဲ့တဲ့ ဩဂုတ်လကုန်ပိုင်းထိ ပဲခူးတိုင်းအနောက်ခြမ်းမှာ စက်ကျစပါး (ပေါင် ၅၀ အလေးချိန်ရှိ) တင်း ၁၀၀ ကို အနိမ့်ဆုံး  ၁၈ သိန်းကျပ်အထက် စျေးပေါက်ခဲ့တာ ဖြစ်ပါတယ်။

အခုစက်တင်ဘာလ ဒုတိယအပတ်ကစလို့ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းဒေသတို့မှာ သက် ငယ်စပါးတွေကို စတင်ရိတ်သိမ်းမှု ရှိလာတာကြောင့် စပါးစျေးက နေရာဒေသပေါ်လိုက်ပြီး ၁၆ သိန်း ကျပ်အထက်မှ ၁၈ သိန်းဝန်းကျင်သာ စျေးထိ ကျဆင်းသွားတာ ဖြစ်ပါတယ်။

“ တွံတေးဘက်မှာ လွန်ခဲ့တဲ့ ၁ လဝန်းကျင်လောက်က အညာသားစပါး စပြီးပေါ်တယ်။အများကြီးတော့မဟုက်ဘူး။အနည်းငယ်လောက်သာ၊စက်ကျ (အစို၅၅ပေါင်) တင်း၁၀၀ ကို ၁၉ သိန်းမှ စပါးအရည်အသွေးကောင်းရင်  သိန်း၂၀ စျေးထိ ပေါက်တယ်။စက်တင်ဘာလ အစက ရန်ကုန်တိုင်း ခရမ်း၊သုံးခွဘက်မှာ စပါးတင်း၁၀၀ ကို ၁၈ သိန်းကနေ ၁၈ သိန်း ၅ သောင်း၊ ၆ သောင်းလောက်ထိ ပေါက် တယ်။ အခုရက်ပိုင်းတော့ ၅ သောင်းကနေ ၈ သောင်းဝန်းကျင်လောက် ပြန်ကျသွားတယ်။” လို့ ဆန်၊ စပါး ကုန်သည်တစ်ဦးက ပြောဆိုထားပါတယ်။

စပါးစျေး အကျဘက်ရောက်လာသလို၊ စပါးဝယ်ယူသူ ကုန်သည်တချို့ကလည်း စျေးပိုမိုနှိမ်ပြီး ဝယ်ယူတာမျိုးတွေလည်း ရှိနေတယ်လို့ လယ်သမားတွေက ဆိုပါတယ်။

မိုးစပါးအသစ် ဖြိုင်ဖြိုင်မပေါ်သေးခင်မှာတောင် အခုလိုစပါးကို စျေးချဝယ်ယူနေကြတာကြောင့် စပါးလှိုင်လှိုင်ထွက်ပေါ်ချိန်မှာ အခုစျေးထက်ပိုမိုကျဆင်းလာမှာကို  တောင်သူတွေက စိုးရိမ်နေကြပါ တယ်။ 

” သိရသလောက် စျေးတွေကမတူဘူး။တချို့နေရာမှာ ၁၆သိန်း ၂ သောင်းစျေးရှိတယ်။တချို့က၁၇သိန်း၊တချို့နေရာမှာ၁၈သိန်းရနေသေးတယ်။ခုမှ စပါးသစ်စပေါ်တာတောင်စျေးကဒီလိုကျနေတာမဟုတ်သေးဘူး။စပါးလှိုင်လှိုင်သာပေါ်လာရင်ဘယ်လိုလုပ်မလဲ။စပါးစျေး၁၈၊၂၀အနည်းဆုံး ပေါက်မှတောင်သူကအဆင်ပြေမှာ။အဲဒီထက်ကျရင်မပြေဘူး။စပါးကအထွက်လျော့စျေးကကျဆို ရင်ဒီနှစ်လည်းတောင်သူတွေရှုံးမှာ။တောင်သူတွေဘက်ကိုလှည့်ကြည့်ကြပါအုံး။ကိုယ်ချင်းစာ ကြပါ။“ လို့ ပြည်မြို့နယ်၊ ကုန်းကြီးရွာက တောင်သူဦးလှမောင်က ပြောပါတယ်။

လက်ရှိမှာ ဆာဖိုးသာ၊ ရက် ၉၀ စတဲ့ သက်တမ်းငယ် စပါးတွေကို စတင်ရိတ် သိမ်းနေကြတာဖြစ်ပြီး၊ လက်ရှိမှာ ဧရာ၀တီတိုင်း၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်းနဲ့ နေရာဒေသတချို့မှာ မိုးသည်းထန်စွာရွာသွန်းပြီး၊ ရေကြီးနစ်မြှုပ်တဲ့ အခြေအနေတွေကြောင့် ရိတ်သိမ်းရရှိလာတဲ့ စပါး တွေကို သိုလှောင်သိမ်းဆည်းဖို့ ခက်ခဲတဲ့အတွက် ရတဲ့စျေးနဲ့ ရောင်းချနေကြရတယ်လို့လည်း လယ်သမားတွေက ဆိုပါတယ်။

စပါး ၁၀၀ ကို အနိမ့်ဆုံး ၁၈ သိန်းကျပ်ပေါက်ပြီး စပါး ၈၀ ဝန်းကျင်ထွက်ပါက ၁၄ သိန်းကျပ်ကျော်ရရှိမှာ ဖြစ်ပါတယ်။ စပါး စိုက်ပျိုးချိန်ကနေ ရိတ်သိမ်းချိန်ထိ ကုန်ကျစရိတ်က ဓာတ်မြေဩဇာ သုံးစွဲမှုအနည်း အများပေါ် လိုက်ပြီး ၁၀ သိန်းကျပ်လောက်အထိ ကျသင့်တဲ့အတွက် တစ်ဧကကို ၄ သိန်းကျပ်ကျော်သာ အကျိုးအမြတ်ရရှိမှာ ဖြစ်ပါတယ်။

ဒါကြောင့် အခုနှစ်မိုးစပါးရာသီမှာ စပါးတင်း ၁၀၀ ကို အနိမ့်ဆုံးစျေးတန်း ကျပ်သိန်း ၂၀ လောက်ရရှိမှ သာ စိုက်ပျိုးမှုကုန်ကျစရိတ် ကာမိပြီး၊ အခုဖြစ်ပေါ်နေတဲ့ ကုန်စျေးနူန်းကို တောင်သူတွေ ရင်ဆိုင်နိုင်မှာ ဖြစ်ပြီး၊ စပါးစျေး ၁၈ သိန်းစျေးအောက်ကျဆင်းခြင်းက တောင်သူတွေအတွက် စိုက်စရိတ်ဆုံးပြီး၊ ချေးငွေပြန်မဆပ်နိုင်တော့တဲ့၊ အကြွေးနွံ့နစ်ဘ၀ထိ ရောက်ရှိသွားနိုင်တယ်လို့ တောင်သူလယ်သမားတွေ က ပြောဆိုကြပါတယ်။

မိုးစပါးအသစ်တွေကို အခုစက်တင်ဘာလကုန်ပိုင်းလောက်မှာ ဒေသအစုံ ဖြိုင်ဖြိုင်ရိတ်သိမ်းရဖွယ် ရှိနေ ပြီး၊ အောက်တိုဘာမှာ သက်လတ်စပါးအများစုနဲ့ နိုဝင်ဘာနဲ့ ဒီဇင်ဘာလတို့မှာတော့ သက်ကြီးစပါးတွေနဲ့ ရွှေဘိုပေါ်ဆန်း စပါးတွေကို ရိတ်သိမ်းလေ့ရှိကြပါတယ်။

” စပါးအထွက်နူန်း ကောင်းအောင်တော့ စိုက်တာပဲလေ။ ဒါပေမယ့် မိုးလေဝသကလည်း ကောင်းအုံးမှ ဖြစ်မှာ။ တောင်သူက ဘာမှမသေချာတာကြီးကို အရင်ဆုံး အရင်းအနှီး တဝက်လောက်ထည့်ပြီး စိုက်ရ တာ။ အခု ဧရာဝတီကလို ရေနစ်ရင် ဘာတတ်နိုင်လဲ။ ဘယ်သူက ကူညီမှာလဲ။ မြုပ်သွားတဲ့ ဧကရဲ့ ကုန်ကျစရိတ် ဘယ်သူပေးမှာလဲ။ ဟိုးအရင် စပါးတင်း၁၀၀ ကို ၃ သိန်းစျေးတုန်းက ရွှေတစ်ကျပ် သားကို ၅ သိန်းကျော်၊ ၆ သိန်းရှိတာ။ အခုစပါး ၁၈ သိန်းပဲထားအုံး ရွှေစျေးက ၁၀၀ ကျော်လေ။ ဘယ်တောင်သူက တစ်နှစ်မှာ ရွှေတစ်ကျပ်သား လုပ်နိုင်တော့မလဲ။ မြေကြီးက ရွှေသီးတဲ့ခေတ်ကုန် သွားပြီ။ အခုလည်း စျေးက အကျပြလာရင် ရှုံးမှာပဲ မကိုက်ဘူး။ သိန်း ၂၀ လောက်မှ ကိုက်မယ်။ တောင်သူတွေကလည်း လှောင်မထားနိုင်တော့ ခက်တယ်။ ” လို့ ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ် · ငါးဘတ်ကုန်းရွာက တောင်သူတစ်ဦးက ပြောပါတယ်။

စပါးကို စတင်ပက်ကြဲ စိုက်ပျိုးချိန်ကနေ ရိတ်သိမ်းချိန်အထိဆိုရင် အနည်းဆုံး အချိန် ၄ လကနေ အများ ဆုံးအချိန် ၆ လထိ ကြာမြင့်ပြီး၊ အဲဒီအချိန်အတွင်းမှာ မမျှော်မှန်းနိုင်တဲ့ ရာသီဥတုကို အံတုပြီး  ငွေကြေး အရင်းအနှီးနဲ့ လုပ်အားတွေကို တောင်သူလယ်သမားတွေဟာ အရဲစွန့်စိုက်ထုတ် စိုက်ပျိုးကြရတာ ဖြစ်ပါ တယ်။

ရာသီဥတု ဖောက်ပြန်ကြောင့် မိုးခေါင်ရေရှားမှုနဲ့ ကြုံတွေရပါက စပါးပင်တွေ အောင်ရေမရရှိဘဲ အ ထွက်နူန်း လျော့ကျတာ၊ ပျက်စီးတာ၊ ပိုးမွှားရောဂါ ကျရောက်တာတွေ ရှိတတ်သလို၊ အခုလို မိုးများပြီး မြစ်ရေမြင့်တက်ပါကလည်း ရေကြီးရေလျှံမှုတွေကြောင့် စပါးခင်းတွေ ရေနစ်မြုပ်ပြီး ဆုံးရှုံးပျက်စီး မှုဒဏ်ကိုလည်း တောင်သူလယ်သမားတွေကသာ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

ဆန်၊ စပါးကုန်သည်တစ်ဦးက “ စပါးတော့ မလှိုင်သေးပေမယ့် စပါးအသစ်အဖွင့်စျေး ၁၈ သိန်းခွဲနဲ့စဖွင့်တယ်လို့ပြောရမယ်။တချို့နေရာတွေမှာတော့၁၆ သိန်း ၁၇ သိန်းစျေး ပေါက်တယ်။သယ်ယူရတဲ့ ကွင်းနေရာပေါ်နဲ့ အရည်အသွေးပေါ် မူတည်ပြီး စျေးကကွာသွားတယ်။ စ ပါးအသစ် စျေးကျတာပါ။ အညာသား၊ ရက်90၊ ဆင်းသုခ၊ပခမ်း၊ရတနာတိုး၊ပေါ်ဆန်း၊ကျားပျံ၊တောင်ပျံ စတဲ့ စပါးအဟောင်းတွေကတော့စျေးငြိမ်နေပါတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် မိုးစပါးရာသီကလည်း စပါးတင်း ၁၀၀ ကို အနိမ့်ဆုံးစျေး ၈၅၀,၀၀၀ ကျပ် အထိ စံချိန်တင် စျေးကျဆင်းခဲ့ပြီး၊ အမြင့်ဆုံးစျေး အနေနဲ့ ၁,၁၅၀,၀၀၀ ကျပ်သာ ရရှိခဲ့သလို၊ စပါးအထွက် နူန်းကလည်း သိသိသာသာ ကျဆင်းခဲ့တာကြောင့် အရှုံးကြီးခဲ့တယ်လို့ တောင်သူတွေက ပြောဆိုထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Copyright © All rights reserved. | Newsphere by AF themes.