တောင်ကြီး-နမ့်စန်-ကျိုင်းတုံ ကားလမ်းကြောင်း ပြန်ဖွင့်ရန် ၄ ရက်ခန့် ကြာမြင့်နိုင်
The Farmer Times၊ နိုဝင်ဘာလ ၁၄ ရက်၊ ၂၀၂၆။
ရှမ်းပြည်နယ်တောင်ပိုင်း မြို့နယ်အတော်များများမှာ နိုဝင်ဘာ ၁၃ ရက်(မနေ့က)အထိ မိုးရွာသွန်းနေဆဲ ဖြစ်ပြီး၊ ရွှေညောင်၊ အင်းလေး စတဲ့အနိမ့်ပိုင်းဒေသတွေမှာ ရေကြီးနစ်မြုပ်မှုတွေ ဆက်ရှိနေတာကြောင့် ဘေးလွတ်ရာကို ရွှေ့ပြောင်းနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အခုရက်ပိုင်းမှာ မိုးသည်းထန်စွာ ရွာသွန်မှုကြောင့် ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီး၊ အောင်ပန်း၊ ညောင်ရွှေ၊ ကလောမြို့များ အပါအ ဝင် နေရာဒေသအများအပြားမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေပြီး ၊ တချို့ကားလမ်းမတွေမှာ တောင်ပြိုကျနေတာကြောင့် လမ်းပိတ်ဆို့မှုတွေလည်း ဖြစ်ပွားနေတယ်လို့ သိရပါတယ်။
ဒါ့အပြင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်းက ရိတ်သိမ်း ပြီး စပါးဧကထောင်ချီ ပျက် စီးဆုံးရှုံးခဲ့ရတယ်လို့ ဒေသခံတွေက ပြောဆိုထားပါတယ်။
နိုဝင်ဘာလ ၈ ရက်နေ့ ညနေပိုင်းကစတင်လို့ မိုးအဆက်မပြတ် ရွာသွန်းခဲ့မှုကြောင့် ရှမ်းပြည်နယ်တောင် ပိုင်း တောင်ကြီးမြို့က ကန်ကြီးရပ်ကွက်၊ ပြည်တော်သာရပ်ကွက်နဲ့ ကန်သာယာရပ်ကွက်တို့ အပါအဝင် ရွှေညောင်မြို့ မင်္ဂလာရွှေဗဟိုရပ်ကွက်နဲ့ ရတနာရပ်ကွက်တို့မှာလည်း ရေကြီးနစ်မြုပ်မှုတွေကြောင့် အိမ်ထောင်စုပေါင်း ၁၀၀ ကျော်အား ရေဘေးရှောင်စခန်းကို ပြောင်းရွှေ့ခဲ့ရတယ်လို့ ဒေသခံပရဟိတ အ ဖွဲ့ တွေက ပြောဆိုထားပါတယ်။
” ညောင်ရွှေ အနိမ့်ပိုင်းရပ်ကွက်တွေဆီကို လှေတွေနဲ့ တစ်အိမ်ဝင်တစ်အိမ်တက်ဆင်း လိုက်ခေါ်နေရ တာတွေ ရှိနေတယ်။ ကူညီကယ်ဆယ်ရေးတွေလည်း ဒီထက်ပို လိုအပ်နေပါတယ်။ ရွှေညောင်က နေပွင့် ရင် ရေကျလာနိုင်ပေမယ့် မနေ့ကလိုပဲ နေမပွင့်၊ မိုးအုံ့နေသရွေ့ ရေကျဖို့ရာ နှေးနေအုံးမှာပေါ့။ ဒါကို ရွှေညောင်သူ၊ ရွှေညောင်သားတွေ အသိဆုံးပါ။ ဒါကြောင့် နေပွင့်ဖို့လည်းလိုတယ်၊ နောက်ပီး တောင် ကြီးဘက်ကနေ မိုးထပ်ပြီး မရွာဖို့လည်းလိုပါတယ်။ ဒါမှ ရွှေညောင်ကို ရေထပ်မတိုးမှာပါ ” လို့ တောင်ကြီးမြို့ အခြေစိုက် လူမှုကူညီရေးကွန်ယက်တစ်ခုမှ တာဝန်ရှိသူက ပြောပါတယ်။
လတ်တလောမှာ ရှမ်းပြည်တောင်ပိုင်းရှိ တောင်ကြီး၊ အေးသာယာ၊ ရွှေညောင်၊ ညောင်ရွှေ၊ ဟဲဟိုး၊ အောင်ပန်း၊ ကလော၊ မိုးနဲ၊ နမ့်စန်၊ လွိုင်လင်၊ မိုင်းပွန်၊ ဟိုပုံး၊ လဲချား၊ ပင်လုံ၊ ခိုလမ်၊ ကျေးသီးနဲ့ ပင် လောင်းမြို့များ အပါအဝင် မြို့နယ်အများအပြားမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေသလို၊ လွိုင်လင်မြို့ ပြည်ထောင်စု လမ်းမကြီးပေါ်မှာလည်း ရေက ၇ ပေကျော်အထိ မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။
တောင်ကြီး-နမ့်စန်-ကျိုင်းတုံ ကားလမ်းကြောင်းက ပိတ်ဆို့နေဆဲဖြစ်ပြီး၊ ကားငယ် တွေအနေနဲ့ ပင်လုံ-ဟိုပုံးလမ်းဟောင်းကို လွှဲပြောင်းအသုံးပြုနိုင်ပေမယ့် လမ်းမတ်စောက်တဲ့အပြင် တံတားရေကျော်နေမှု တွေကြောင့် အန္တရာယ်ရှိနိုင်တဲ့အတွက် မိုးထပ်မရွာရင်တောင် ရေပြန်ကျဖို့က ၄ ရက် ကနေ ၅ ရက်ခန့် ကြာမြင့်နိုင်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
အလားတူ ညောင်ရွှေမြို့နယ်နဲ့ အင်းလေးဒေသတို့မှာလည်း ရေမျက်နှာပြင် ဆက်တိုက်မြင့်တက်နေလို့ ဒေသခံပရဟိတအဖွဲ့တွေက ပြည်သူတွေအနေနဲ့ အရေးကြီးစာရွက်စာတမ်းတွေနဲ့ စားနပ်ရိက္ခာတွေကို ရေဘေးလွတ်ရာကို ကြိုတင်ရွှေ့ပြောင်းထုပ်ပိုးထားကြဖို့ အပါအဝင် လျှပ်စစ်အန္တရာယ် သတိပြုဖို့နဲ့ က လေးသူငယ်၊ သက်ကြီးရွယ်အိုတွေကို ဦးစားပေးရွှေ့ပြောင်းကြဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။
” ရွှေညောင်မှာ မနေ့ကညပိုင်းကတင် ရေဘေးရှောင် ၇၀၀ ကျော်တယ်။ ရေနစ်မြုပ်တာ ပင်လယ်ပြင် လို ဖြစ်နေပြီ။ ဟဲဟိုးလည်း ရေမြုပ်နေတယ်။ မိုးကရပ်သွားတယ် မရှိဘူး။ မြူတွေကလည်း မိုးရွာရင် ကို ထူနေတာ။ မနေ့က တောင်ကြီးမှာ ၇၅ နှစ်အတွင်း မိုးရေချိန် ၁၀၃ မီလီ မီတာ (၄ ဒသမ ၀၅ လက်မ) ရွာလို့ မိုးရွာတဲ့စံချိန်အသစ် တင်သွားတယ်။ နိုဝင်ဘာ ၁၀ ရက်ကလည်း လွိုင်လင်မှာ စံချိန်တင်မိုးရွာ တယ်။ လက်ရှိလည်း မိုးရွာတာ ရေကပြန်မကျတော့ဘူး” လို့ တောင်ကြီးမြို့ကို ရောက်ရှိနေသူ ခရီး သွားတစ်ဦးက ပြောပါတယ်။
နိုဝင်ဘာလ ၁၃ ရက် ခန့်မှန်းချက်အရ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတို့မှာ တိမ်ထူထပ်နေပြီး ကျန်ဘင်္ဂလားပင် လယ်အော်မှာ တိမ်အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်းနေ တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နဲ့ ချင်းပြည်နယ်တို့မှာ တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး၊ တန င်္သာရီတိုင်းဒေသကြီးမှာ နေရာအနှံ့ အပြား၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး နဲ့ ရှမ်းပြည် နယ် (တောင်ပိုင်းနဲ့ အရှေ့ပိုင်း)တို့မှာ နေရာစိပ်စိပ်၊ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာကျဲကျဲ၊ ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ်တို့မှာ နေ ရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပြီး၊ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါတယ်။
မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ တစ်ခါတစ်ရံ မိုးသက် လေပြင်းများ ကျ ရောက်ပြီး၊ လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါတယ်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင် လေ ဟာ တစ်နာရီကို ၂၅ မိုင်မှ မိုင် ၃၀ အထိ တိုက်ခတ်နိုင်ပါတယ်။
လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ၇ ပေမှ ၉ ပေခန့်ရှိနိုင် တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ခန့်မှန်းထားပါတယ်။
မိုးကြီးချိန်မှာ လေပြင်းတိုက်ခတ်တာ၊ မိုးထစ်ချုန်းတာ၊ မိုးကြိုးပစ်တာနဲ့ မိုးသီးကြွေတာ၊ မြေပြိုကျတာ စတဲ့ သဘာဝဘေးအန္တရာယ်တွေ ဖြစ်ပေါ်လာနိုင်တဲ့အတွက် ပြည်သူတွေအနေနဲ့ ဘေးလွတ်ရာကို ရွှေ့ ပြောင်းကြဖို့နဲ့ အထူးကြိုတင်သတိပြုကြဖို့ အသိပေးထုတ်ပြန်ထားပါတယ်။
