November 19, 2026

ကြက်သွန်နီ လက်ကားစျေး တစ်ပိဿာ နှစ်​သောင်းကျပ်အထိ မြင့်တက်လာ

The Farmer Times၊ နိုဝင်ဘာလ ၁၃ ရက်၊ ၂၀၂၆။

ပြည်တွင်းစျေးကွက်အတွင်းမှာ ကြက်သွန်နီစျေး ဆက်တိုက်မြင့်တက်လာပြီး ရန်ကုန်၊ ဘုရင့်နောင်ကုန် စည်ဒိုင် လက်ကားဒိုင်အဖွင့်စျေးမှာပင် တစ်ပိဿာကို အမြင့်ဆုံးစျေး ၂၀,၀၀၀ ကျပ်အထိ စံချိန်တင် မြင့်တက်လာတာ ဖြစ်ပါတယ်။

ရန်ကုန်၊ ဘုရင့်နောင်ကုန်စည်ဒိုင်မှာ နိုဝင်ဘာ ၁၂ ရက်(မနေ့) က ကြက်သွန်နီ(မြင်းခြံ) တစ်ပိ၁သာကို ၁၄,၅၀၀ မှ ၂၀,၀၀၀ ကျပ်၊ ကြက်သွန်နီ (ဆိပ်ဖြူ)က တစ်ပိ၁သာကို ၁၃,၀၀၀ မှ ၁၉,၀၀၀ ကျပ်အတွင်း စျေးဖွင့်ထားပြီး၊ ကြက်သွန်နီ(တောင်သာ) က တစ်ပိ၁သာကို ၁၁,၀၀၀ မှ ၁၈,၀၀၀ ကျပ်၊ ကြက်သွန်နီ (မုံရွာ) က တစ်ပိ၁သာကို ၁၃,၀၀၀ မှ ၁၉,၀၀၀ ကျပ်အတွင်း အသီးသီးစျေးဖွင့်ထားတာကို တွေ့ရပါတယ်။

နိုဝင်ဘာ ၁၂ ရက်က ရန်ကုန်၊ ဘုရင့်နောင်ကုန်စည်ဒိုင်ကို ကြက်သွန် ကုန်ကားအစီးရေ ၁၃ စီးဝင်ရောက် ခဲ့ပြီး၊ ကြက်သွန် ပိဿာချိန် ၇၈,၀၀၀ ခန့် ဝင်ရောက်ခဲ့ပါတယ်။

” အကြီးအသေးရွေးတာက ကုန်သည်လက်ထဲရောက်မှလုပ်တာ။ အခုက နွေကြက်သွန် လက်ကျန်က အတော်ကို နည်းလာပြီ။ အသစ်ကလည်း ပခုက္ကူဘက်ဆို မပေါ်သေးဘူး။ အသစ်တွေ လှိုင်လှိုင်ပေါ် မှ စျေးက ပြန်ကျမယ်။ အခုက တောင်သူတွေက မျိုးချန်ထားတာကနေ ခွဲရောင်းနေကြတာ။ ပြောရမယ် ဆိုရင် ဒီတသောင်းကျော် စျေးတန်းကို ရောင်းဖူးတယ်ရှိအောင်ဆိုပြီး ရောင်းကြတာ။ တရုတ်ကြက်သွန် က အဝင်ရှိပေမယ့် အရောင်းအဝယ် သိပ်မသွက်ဘူး။” လို့ ပခုက္ကူမြို့နယ်ရှိ ကြက်သွန်ကုန်သည် တစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၇ ရက်ကတော့ ရန်ကုန်၊ ဘုရင့်နောင်ကုန်စည်ဒိုင်ကို ကြက်သွန်နီ ကုန်ကားအစီးရေ ၁၆ စီး၊ ကြက်သွန်  ပိဿာချိန် ၉၆,၀၀၀ ခန့် ဝင်ရောက်မှုရှိခဲ့ပြီး၊ (အသေး၊ အလတ်၊ အကြီး) အရွယ်အ စားအလိုက် တစ်ပိဿာကို  ၁၅,၀၀၀ မှ ၁၇,၀၀၀ ကျပ်အတွင်းသာ ပေါက်စျေးရှိခဲ့တာ ဖြစ်ပါတယ်။

ပြည်တွင်းမှာ နွေကြက်သွန်လက်ကျန် နည်းလာပြီး၊ မိုးကြက်သွန်အသစ်တွေ စျေးကွက်အတွင်း ဝင် ရောက်မှု နည်းပါးနေတဲ့အပြင် ပြည်ပဝယ်လိုအားကလည်း မြင့်တက်နေတဲ့အတွက် စျေးနူန်းက အခုလို စံချိန်တင် မြင့်တက်လာတာ ဖြစ်တယ်လို့ ကုန်သည်တွေက သုံးသပ်ကြပါတယ်။

လက်ရှိမှာ မြင်းခြံ၊ မလှိုင်၊ မြစ်သားဒေသတို့မှာ မိုးကြက်သွန်နီအသစ်တွေ စတင်ထွက်ပေါ်နေပြီး၊ စျေးကွက်ထဲဝင်ရောက်နေပေမယ့် ကုန်ချိန်အလွန်နည်းပါးနေတာ ဖြစ်ပါတယ်။

ပခုက္ကူကုန်စည်ဒိုင်မှာတော့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၆ ရက်နေ့က ကြက်သွန်ပိဿာချိန် ၃,၂၀၀ ခန့်ဝင်ရောက် ခဲ့ပြီး၊ ယောစ(ကြက်သွန်) က တစ်ပိဿာကို ၇,၅၀၀ မှ ၁၁,၃၅၀ ကျပ်၊ တောင်ဘက်ကမ်း(ကြက်သွန်)က တစ်ပိဿာကို ၉,၀၀၀ မှ ၁၂,၁၀၀ ကျပ်စျေးဖွင့်ခဲ့တာကို တွေ့ရပါတယ်။  မြင်းခြံကုန်စည်ဒိုင်မှာတော့ ကြက်သွန်နီ တစ်ပိဿာကို ၉,၅၀၀ မှ ၁၃,၀၀၀ ကျပ် ပေါက်စျေးရှိခဲ့ပါတယ်။

ကြက်သွန်စျေး ဆက်တိုက်မြင့်တက်ပြီး၊ ကုန်ပစ္စည်းရှားပါးတဲ့အတွက် ပွဲစားတွေက မိုးကြက်သွန်အသစ် ကို စိုက်ခင်းထဲအထိဆင်းပြီး စျေးကောင်းပေးကာ အခင်းပြတ်ဝယ်ယူနေကြတယ်လို့ တောင်သူတွေက ပြောပါတယ်။

” အခုက အလုံးကြီး ချောရင်၊ သန့်ရင် အခင်းထဲတင် စျေးပြတ်တယ်။ အခု စျေးကွက်ထဲ ကြက်သွန် ဝင်တာက နည်းပါသေးတယ်။ ” လို့ မြင်းခြံမြို့နယ်က ကြက်သွန်စိုက်တောင်သူတစ်ဦးက ပြောပါတယ်။

အခုနိုဝင်ဘာ ၈ ရက်ကစလို့ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရှမ်းပြည်နယ်၊ ကရင်နီပြည်နယ် အပါအ ဝင် စစ်ကိုင်း၊ မကွေး၊ မန္တလေး စတဲ့ဒေသတို့မှာလည်း ကြက်သွန်နီပျိုးခင်းတွေ ရေနစ်မြုပ်ပျက် စီးမှုတွေ ဖြစ်ပေါ်နေပြီး၊ ကြက်သွန်မျိုးစေ့ စျေးနှုန်းတွေကိုလည်း ကြိုက်ရောင်းကြိုက်ဝယ် သတ်မှတ် ရောင်းဝယ် နေကြတယ်လို့ သိရပါတယ်။

အခုလို ကြက်သွန်ကို ပြည်ပဝယ်လိုအား ကောင်းနေချိန်မှာ ပြည်တွင်းမှာ လက်ကျန်နည်းလာတဲ့အတွက် စျေးဆက်တိုက် မြင့်တက်လာတာဖြစ်ပြီး၊ လက်ရှိဖြစ်ပေါ်နေတဲ့ ကြက်သွန်စျေးဟာ ဆယ်စုနှစ်အတွင်း အမြင့်ဆုံးစျေးနူန်း ဖြစ်တယ်လို့ တောင်သူတွေနဲ့ ကုန်သည်တွေက ပြောဆိုကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Copyright © All rights reserved. | Newsphere by AF themes.