The Farmer Times၊ မေလ ၁၉ ရက်၊ ၂၀၂၆
ရန်ကုန်အထိုင်လက္ကား မြေဩဇာရည်ညွှန်းဈေးနှုန်း သတ်မှတ်မှုမှာ ယခုမေလအတွင်း ယူရီးယားမြေ ဩဇာ ၅၀ ကီလိုတစ်အိတ်ကို ၁၅၇,၀၀၀ ကျပ်အထိ တိုးမြှင့်သတ်မှတ်လာတယ်လို့ မြန်မာနိုင်ငံ မြေ ဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်း (MFSPEA) က ထုတ်ပြန်လိုက်ပါတယ်။
၂၀၂၆ ခုနှစ် ဇန်နဝါရီလကနေ ဧပြီလအထိ လေးလတာအတွင်း သတ်မှတ်ခဲ့တဲ့ ရည်ညွှန်ဈေးမှာ ယူရီး ယားမြေဩဇာ တစ်အိတ်ကို ၉၄,၀၀၀ ကျပ်သာ ရှိခဲ့ရာကနေ၊ အခု မိုးစပါးစိုက်ပျိုးချိန်ရောက်မှသာ တစ် အိတ်ကို ၆၃,၀၀၀ ကျပ် ထပ်တိုးပြီး ထက်ဝက်ကျော်အထိ မြှင့်တင်လိုက်တာ ဖြစ်ပါတယ်။
အခုလို မြေဩဇာရည်ညွှန်ဈေး မြင့်တက်လာတဲ့အပေါ် တောင်သူတစ်ဦးက “စပါးခင်းက မြေဩဇာမ ကျွေးရင် ထွက်နှုန်းမကောင်းဘူး။ အခု မိုးစပါးတွေ စစိုက်နေကြပြီဆိုမှ ရည်ညွှန်ဈေးက တက်လာတယ် ဆိုတော့ ပြင်ပဈေးက ပိုတက်ဖို့ပဲရှိတယ်။ ကျွန်တော်တို့ စိုက်ပျိုးစရိတ် ကုန်ကျသက်သာအောင်ကျ အ ခုချိန် ဘယ်သူမှ လုပ်မပေးဘူး။ အချိန်တန် စပါးပေါ်ချိန်ကျရင်တော့ ဘယ်ဈေးထက်ပိုဝယ်ရင် ဖမ်းမယ် ဆိုတာမျိုးနဲ့ ပေါက်ဈေးထက် ရည်ညွှန်းဈေးကို လျှော့သတ်မှတ်တာတွေ လုပ်ကြတယ်။ အခုနှစ်က ကုန် ကျစရိတ် တော်တော်များမယ့်နှစ်ပါ” လို့ ညည်းတွားပြောဆိုထားပါတယ်။
ထုတ်ပြန်ထားတဲ့ ရည်ညွှန်ဈေးမှာ ယူရီးယားမြေဩဇာအပြင် DI Ammonium Phosphate အခြေခံ ၁၅ ပတ်လည် ၅၀ ကီလိုတစ်အိတ်ကို ၁၁၅,၀၀၀ ကျပ် သတ်မှတ်ထားပြီး၊ Complex ၁၅ ပတ်လည်မြေဩ ဇာကိုတော့ ရည်ညွှန်းဈေးနှုန်း သတ်မှတ်ထားခြင်း မရှိတာကို တွေ့ရပါတယ်။
အဆိုပါ ဈေးနှုန်းတွေဟာ ရန်ကုန်အထိုင် လက္ကားဈေးနှုန်းကိုမှ လက်ငင်းငွေချေစနစ်ဈေးဖြစ်ပြီး၊ ဒေသ အလိုက် သယ်ယူပို့ဆောင်စရိတ်အပေါ် မူတည်ပြီး ဈေးနှုန်းကွာခြားမှု ရှိနိုင်ပါတယ်။ တကယ်လို့ ရည် ညွှန်းဈေးနှုန်းအတိုင်း ရောင်းချခြင်းမရှိရင် ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင် ကော်မတီနဲ့ MFSPEA အသင်းထံ ဆက်သွယ်တိုင်ကြားနိုင်တယ်လို့ ဆိုပါတယ်။
” ရည်ညွှန်းဈေးတောင် ၁၆၀,၀၀၀ နားကပ်နေတာဆိုတော့ ပြင်ပဈေးက အဲဒီထက် ပိုများပြီပေါ့။ ဆိုင်ကို မေးကြည့်တော့ ထပ်တက်ဦးမယ်တောင် ပြောတယ်။ ဒီဘက်မှာက ပုလဲဆိုရင် မြင်းပျံအသုံးများတယ်။ မြေဩဇာဈေး မတရားမြင့်နေတော့ သုံးနေကျနှုန်းထားအတိုင်း မသုံးနိုင်မှာ စိုးရိမ်တယ်။ မသုံးနိုင်ရင် လည်း စပါးက မထွက်ဘူးဆိုတော့ မြေဆီအတွက် အဆင်ပြေအောင် အစိုးရက ဘာလုပ်ပေးမလဲ စောင့် ကြည့်ရမယ်” လို့ နောက်ထပ် တောင်သူတစ်ဦးက ပြောပါတယ်။
လက်ရှိ ပြင်ပဈေးကွက်မှာတော့ ယူရီးယားပုလဲဓာတ်မြေဩဇာ (မြင်းပျံတံဆိပ်) တစ်အိတ်ကို ၁၈၅,၀၀၀ ကျပ်ဝန်းကျင်အထိ ရှိနေပြီး၊ ၁၅ ပတ်လည် ဓာတ်မြေဩဇာ တစ်အိတ်ကတော့ ၂၃၀,၀၀၀ ကျပ်အထက်အထိ ဈေးပေါက်နေတယ်လို့ သိရပါတယ်။
စပါးစိုက်ခင်းတစ်ဧကကို ပုလဲဓာတ်မြေဩဇာ အပါအဝင် မြေဩဇာ အနည်းဆုံး နှစ်အိတ်ဝန်းကျင် ပက် ကျွေးရလေ့ရှိပြီး၊ အဲဒီလို ကျွေးနိုင်မှသာ အပင်တက်နှုန်းနဲ့ အပွားအစေးကောင်းကာ သီးနှံထွက်နှုန်း ကောင်းမွန်တာကြောင့် ယခုနှစ် မိုးစပါးရာသီတွင် စိုက်ပျိုးစရိတ် မြင့်မားမှုဒဏ်ကို တောင်သူများ အလူး အလဲခံရဖွယ် ရှိနေပါတယ်။














