, ,

ပန်းတောင်းမြို့နယ်တွင် အာဏာသိမ်းစစ်တပ်နှင့် ပတ်သက်သူ ၂ ဦးကို WY စိတ်ကြွဆေးပြား ၃၂ သိန်းနှင့်အတူ AA ပူးပေါင်းတပ်ဖွဲ့ ဖမ်းဆီး

The Farmer Times၊ မေလ ၂၀ ရက်၊ ၂၀၂၆ အာဏာသိမ်းစစ်တပ်နဲ့ ပတ်သက်ဆက်နွယ်နေသူ အမျိုးသား နှစ်ဦးကို ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်မှာ မူးယစ်ဆေးဝါး WY စိတ်ကြွရူးသွပ်ဆေးပြား ၃၂ သိန်းနဲ့အတူ အာရက္ခတပ်တော် (AA) နဲ့ မဟာ မိတ်ပူးပေါင်းတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တယ်လို့ အာရက္ခမှုခင်းနှင့်..

The Farmer Times၊ မေလ ၂၀ ရက်၊ ၂၀၂၆

အာဏာသိမ်းစစ်တပ်နဲ့ ပတ်သက်ဆက်နွယ်နေသူ အမျိုးသား နှစ်ဦးကို ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်မှာ မူးယစ်ဆေးဝါး WY စိတ်ကြွရူးသွပ်ဆေးပြား ၃၂ သိန်းနဲ့အတူ အာရက္ခတပ်တော် (AA) နဲ့ မဟာ မိတ်ပူးပေါင်းတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တယ်လို့ အာရက္ခမှုခင်းနှင့် ဆက်စပ်သတင်းထုတ်ပြန်ရေးအဖွဲ့က မေ ၁၉ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

ပြီးခဲ့တဲ့ မေလ ၁ ရက်နေ့ မွန်းလွဲ ၁၂ နာရီဝန်းကျင်အချိန်က အာရက္ခတပ်တော်နဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ဝင်တွေဟာ ဥသျှစ်ပင်မြို့အနီးဝန်းကျင်မှာ နယ်မြေကင်းလှည့်နေစဉ် မသင်္ကာဖွယ်ရာ တဲတစ် လုံးကို တွေ့ရှိလို့ ဝင်ရောက်စစ်ဆေးခဲ့ရာကနေ တဲအတွင်းမှာရှိနေတဲ့ လူနှစ်ဦးနဲ့အတူ အဆိုပါ မူးယစ်ဆေးဝါးအများအပြားကို ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။

ဖမ်းဆီးခံရသူ နှစ်ဦးဟာ ဥသျှစ်ပင်မြို့၊ ပြည်တော်သာရပ်ကွက်က အောင်လကျော် (၄၀ နှစ်) နဲ့ ပြည်မြို့၊ ဗိုလ်တထောင်ရပ်ကွက်က အောင်ကျော်မိုး (၄၁ နှစ်) တို့ဖြစ်ကြပြီး ၎င်းတို့နဲ့အတူ RS မြင်းတံဆိပ်ပါ WY စိတ်ကြွရူးသွပ်ဆေးပြား အရေအတွက် ၃၂ သိန်းကို သက်သေခံပစ္စည်းအဖြစ် သိမ်းဆည်းရမိခဲ့တာပါ။

စစ်ဆေးပေါ်ပေါက်ချက်အရ ဖမ်းဆီးရမိတဲ့ WY စိတ်ကြွဆေးပြားတွေရဲ့ ပိုင်ရှင်တွေကတော့ ရန် ကုန်တိုင်း၊ ရွှေပြည်သာမြို့က ဦးမိုးကျော်ထွေး (၄၁ နှစ်) နဲ့ အင်းစိန်မြို့က ဦးရန်နိုင် (၄၄ နှစ်) တို့ဖြစ်ကြပြီး ၎င်းတို့ဟာ အာဏာသိမ်းစစ်တပ်နဲ့ နီးကပ်တဲ့ပတ်သက်မှု ရှိသူတွေဖြစ်ကြောင်း သိရပါတယ်။ အဆိုပါ စိတ်ကြွဆေးပြားတွေကို စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ ပြည်ခရိုင်အတွင်းက စစ်ဆေးရေးဂိတ်တွေမှာ တစ်စုံတစ်ရာ စစ်ဆေးခြင်းမရှိဘဲ လွယ်လွယ်ကူကူ ဖြတ်သန်းခွင့်ပြုခဲ့တယ်လို့ တရားခံတွေက ထွက်ဆိုထားကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လက်ရှိမှာတော့ အဆိုပါအမှုကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၊ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့လုံခြုံရေးဌာန (DLEPS) က မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ – ၁၉ (က) / ၂၁ / ကျင့် – ၅၁၂ အရ မေလ ၁၅ ရက်နေ့မှာ အမှုဖွင့်အရေးယူထားပြီး ကွင်း ဆက်တရားခံတွေကို ဆက်လက်စစ်ဆေး ဖော်ထုတ်နေပါတယ်။

အခုဖြစ်စဉ်ဖြစ်ပွားခဲ့တဲ့ ပန်းတောင်းမြို့နယ်ဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြောင်းလဲလာတဲ့ စစ်ရေးနဲ့ ပထဝီနိုင်ငံရေးအရ အာရက္ခတပ်တော် လှုပ်ရှားရာနယ်မြေတစ်ခု ဖြစ်လာပြီး ဒေသခံတွေနဲ့အတူ တရားဥပဒေစိုးမိုးရေးကို လုပ်ဆောင်နေတာဖြစ်ပါတယ်။

အာရက္ခတပ်တော်အနေနဲ့ ၎င်းတို့လှုပ်ရှားရာ နယ်မြေတိုင်းမှာ မူးယစ်ဆေးဝါး ပပျောက်ရေးအပြင် “ကျားဖြန့် (အွန်လိုင်းငွေလိမ်ဂိုဏ်း) လုံးဝမရှိစေရ” ဆိုတဲ့ မူဝါဒကို အခိုင်အမာ ကိုင်စွဲထားတယ်လို့ ဆိုပါတယ်။

တစ်ဖက်မှာလည်း စစ်အာဏာသိမ်းပြီးနောက် တပ်ပျက်သလိုဖြစ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ဂိတ်တွေဟာ လာဘ်ပေးလာဘ်ယူမှုတွေအပြင် အခုလို မူးယစ်ဆေးဝါး ကုန်ကူးသူတွေနဲ့ပါ ပူးပေါင်းပြီး ၎င်းတို့ထိန်းချုပ်ရာ နယ်မြေတွေမှာ မူးယစ်ဆေးဝါးထုတ်လုပ်မှုကို ပိုမိုကျယ်ပြန့်စွာ လုပ်ဆောင်လာနေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဝေဖန်ထောက်ပြထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You May Have Missed