The Farmer Times၊ မေလ ၂၂ ရက်၊ ၂၀၂၆
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (အထူးဒေသ-၆)၊ ဆီဆိုင်မြို့နယ်အတွင်း မှာ မိုးကြိုးပစ်ခတ်မှုကြောင့် တောင်သူတွေပိုင်ဆိုင်တဲ့ နွားကောင်ရေ ၄၉ ကောင် အစုလိုက်အပြုံလိုက် သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေထံက သတင်းရရှိပါတယ်။
မေလ ၂၁ ရက်၊ မွန်းလွဲ ၂ နာရီ ၂၂ မိနစ်ဝန်းကျင်ခန့်မှာ ဆီဆိုင်မြို့နယ်၊ လွယ်ပွတ်ကျေးရွာအုပ်စု၊ ကောင်ဝါး တောင်ရွာရဲ့ အနောက်တောင်ဘက် ၂ မိုင်ခွဲခန့်အကွာရှိ တောင်ယာအနီးမှာ လွှတ်ကျောင်းထားတဲ့ နွား တွေကို ညနေစောင်း ခြံပြန်သွင်းဖို့ လိုက်လံစုဆောင်းနေချိန်မှာ မိုးသည်းထန်စွာ ရွာသွန်းလာပြီး မိုးကြိုးပါ ပစ်ချခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါ တောင်ယာထဲမှာ လွှတ်ကျောင်းထားတဲ့ နွားအကောင်ရေ စုစုပေါင်း ၂၀၀ ဝန်းကျင်လောက်ရှိပြီး၊ အဲ့ဒီအထဲက နွား ၄၉ ကောင်က မိုးကြိုးတိုက်ရိုက်ထိမှန်ပြီး၊ စက္ကန့်ပိုင်းအတွင်း နေရာမှာတင် လဲကျသေ ဆုံးခဲ့ကြတာလို့ နွားကျောင်းသူတွေက ပြောဆိုထားပါတယ်။
နွားကျောင်းနေသူတွေကတော့ မိုးရွာချိန်မှာ အနီးအနားရှိ တောင်ယာတဲထဲ ဝင်ရောက်ခိုလှုံခဲ့ကြတာ ကြောင့် မိုးကြိုးပစ်ချိန်မှာ ဘေးကင်းခဲ့ကြတာ ဖြစ်တယ်လို့ သိရပါတယ်။
မိုးကြိုးထိမှန် သေဆုံးသွားတဲ့ နွားတွေဟာ ကောင်ဝါးတောင်ရွာက ရွာသားတွေ စုပေါင်းမွေးမြူထားတဲ့ နွားတွေဖြစ်တဲ့အတွက် ကျေးရွာအတွင်း စီးပွားရေး ထိခိုက်ဆုံးရှုံးမှုတွေ ရှိလာနိုင်တယ်လို့ ဒေသခံတွေက ပြေဆိုကြပါတယ်။
လတ်တလောမှာ သေဆုံးသွားတဲ့ နွားတွေကို ရွာသားတွေက စုပေါင်းရှင်းလင်းနေကြပြီး ပျက်စီးဆုံးရှုံး သွားတဲ့ ငွေကြေးတန်ဖိုးကို အသေးစိတ်တွက်ချက်နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိကာလမှာ ရှမ်းပြည်နယ် အပါအဝင် ဒေသအများအပြားမှာ မိုးတိမ်တောင်များ ဖြစ်ပေါ်နေပြီး မိုးကြိုးပစ်ခြင်း၊ လေပြင်းတိုက်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းများ ဆက်တိုက်ဖြစ်ပွားနိုင် တဲ့အတွက် ဂရုပြုနေထိုင်ကြဖို့ မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနက ထုတ်ပြန်အသိပေးထားပါတယ်။














