July 21, 2026

ဆန်ချောစျေး ငြိမ်နေပေမယ့် ဇီယာနှင့် ဧည့်မထ အပါအဝင် ဆန်ကြမ်းအချို့ ဈေးအနည်းငယ် မြင့်တက်လာ

The Farmer Times၊ မေလ ၂၆ ရက်၊ ၂၀၂၆

အခုရက်ပိုင်း ပြည်တွင်းဆန်လက္ကားဈေးကွက်အတွင်းမှာ ရွှေဘိုပေါ်ဆန်း အပါအဝင် ဆန်ချောအုပ်စုဝင် ဆန်အမျိုးအစားတွေက ဈေးနှုန်းတည်ငြိမ်နေပေမယ့်၊ အခြေခံလူတန်းစားတွေ အများဆုံးစားသုံးတဲ့ ဧည့်မထ၊ ဇီယာ၊ ငစိန်နဲ့ သီးပုဆန်တွေကတော့ တစ်အိတ်ကို ငွေကျပ် ၅၀၀ ကနေ ၃,၀၀၀ ဝန်းကျင်အထိ ဈေးနှုန်းအနည်းငယ် မြင့်တက်လာတယ်လို့ မြန်မာနိုင်ငံဆန်စပါး ကုန်သည်များအသင်း(MRPTA) ရဲ့ မေလ ၂၅ ရက်နေ့ စျေးနှုန်းထုတ်ပြန်ချက် စာရင်းများအရ သိရပါတယ်။

ပြည်တွင်းစားသုံးမှုများတဲ့ ဆန်ချောအမျိုးအစား ရွှေဘိုပေါ်ဆန်းကတော့ ပြီးခဲ့တဲ့အပတ် သော ကြာနေ့ ပေါက်ဈေးအတိုင်း ဈေးနှုန်းအတက် အကျမရှိ တည်ငြိမ်နေပါတယ်။

လက်ရှိ လက္ကားဈေးကွက်အတွင်း အမြင့်ဆုံးဈေးအဖြစ် ရွှေဘိုပေါ်ဆန်း တစ်အိတ်ကို ၁၉၅,၀၀၀ ကျပ်က နေ ၂၁၀,၀၀၀ ကျပ်ထိ ပေါက်စျေးရှိနေပါတယ်။

ဖျာပုံ၊ မြောင်းမြ ကြားပျံဆန် အမျိုးအစာတွေက တစ်အိတ်ကို ၅၅,၀၀၀ ကျပ်ကနေ ၁၆၅,၀၀၀ ကျပ် ထိ ပေါက်ဈေးရှိနေပြီး ဒေသစုံကြားပျံဆန်မှာမူ အမြင့်ဆုံး ၁၅၅,၀၀၀ ကျပ် အသီးသီး ပေါက်စျေးရှိနေပါတယ်။

ပုသိမ်၊ မြောင်းမြပေါ်ဆန်း ဆန်အမျိုးအစားတွေကတော့ တစ်အိတ်ကို ၁၅၂,၀၀၀ ကျပ် ပေါက်စျေးရှိပြီး ဒေသစုံပေါ်ဆန်းတွေကတော့ တစ်အိတ်ကို ၁၃၈,၀၀၀ ကျပ်ဖြင့် ဈေးငြိမ်နေတာကို တွေ့ရပါတယ်။

အခြေခံစားသုံးဆန် အမျိုးအစားတွေ ဖြစ်ကြတဲ့ ဇီယာနှင့် ဧည့်မထဆန်များ တစ်အိတ်လျှင် ၃,၀၀၀ ကျပ်အထိ သိသိသာသာ မြင့်တက်လာဆန်ချောစျေးတွေ တည်ငြိမ်နေပေမယ့် အခြေခံလူတန်းစားတွေနဲ့ မုန့်လုပ်ငန်းတွေမှာ အဓိက အသုံးပြု ရတဲ့ ဆန်လတ်နဲ့ ဆန်ကြမ်းအမျိုးအစား တချို့ကတော့ အခုရက်ပိုင်း ဈေးမြင့်တက်လာတာကို တွေ့ရပါတယ်။

ဇီယာနဲ့ ဧည့်မထ(၁၅%) ဆန်တွေကတော့ ပြီးခဲ့တဲ့ မေလ ၂၂ ရက်က တစ်အိတ်ကို အမြင့်ဆုံး ၆၅,၀၀၀ ကျပ်သာရှိခဲ့ရာကနေ မေလ ၂၅ ရက်မှာတော့ တစ်အိတ်ကို အနိမ့်ဆုံး ၆၄,၀၀၀ ကျပ်ကနေ အမြင့်ဆုံး ၆၈,၀၀၀ ကျပ်အထိ ပေါက်စျေးရှိခဲ့ပြီး၊ တစ်အိတ်ကို ၃,၀၀၀ ကျပ်ခန့် သိသိသာသာ ဈေးမြင့်တက် လာပါတယ်။

ငစိန် (၅ မှတ်) နဲ့ သီးပုဆန် အမျိုးအစားတွေကတော့ မေလ ၂၂ ရက်က တစ်အိတ်ကို အမြင့်ဆုံးစျေး ၆၂,၅၀၀ ကျပ်ရှိခဲ့ရာကနေ မေလ ၂၅ ရက်မှာတော့ တစ်အိတ်ကို အနိမ့်ဆုံး ၆၁,၀၀၀ ကျပ်ကနေ အ မြင့်ဆုံး ၆၃,၀၀၀ ကျပ်ထိ မြင့်တက်လာပါတယ်။ တစ်အိတ်ကို ငွေကျပ် ၅၀၀ ကနေ ၁,၀၀၀ ကျပ် ဝန်းကျင်အထိ ဈေးမြင့်တက်လာတာကို တွေ့ရပါတယ်။

ပြည်ပပို့ကုန်အဆင့်ရှိတဲ့ ဧရာမင်း (EX) က အမြင့်ဆုံး ၅၈,၀၀၀ ကျပ်နဲ့ ဆန်ကြမ်း (EX) ကတော့ တစ်အိတ် ကို ၅၃,၀၀၀ ကျပ်ဖြင့် ဈေးနှုန်းအပြောင်းအလဲမရှိ တည်ငြိမ်နေပါတယ်။

အခု မိုးစပါးစိုက်ပျိုးရာသီ အစပိုင်းကာလမှာပဲ ပြည်တွင်းဆန်လက္ကားဈေးကွက်အတွင်း ဆန်ချော ဈေး တည်ငြိမ်နေပေမယ့် အခြေခံစားသုံးဆန်များ ဈေးနှုန်းစတင် မြင့်တက်လာတာ ဖြစ်ပါတယ်။

အာဏာသိမ်းစစ်အစိုးရရဲ့ ကုန်သွယ်မှုတင်းကြပ်ပိတ်ဆို့ ဖမ်းဆီးမှုတွေကြောင့် လက်ရှိကာလမှာလည်း စိုက်ပျိုးစရိတ်၊ သွင်းအားစုစရိတ်များ စျေးနှုန်းကြီးမြင့်မှု၊ လမ်းပန်းဆက်သွယ်ရေးနဲ့ သယ် ယူပို့ဆောင်ခ ကုန်ကျစရိတ်တွေ မြင့်တက်လာမှုတွေကြောင့် ရှေ့ဆက်ပြီး ပြင်ပလက်လီဈေးကွက်အတွင်း ဆန်ဈေး နှုန်း အပြောင်းအလဲများ ရှိလာနိုင်တဲ့အတွက် တောင်သူများနဲ့ စားသုံးသူပြည်သူများ အနေနဲ့ ဈေးကွက် အခြေအနေကို ဆက်လက်စောင့်ကြည့်ပေးကြဖို့ မြန်မာနိုင်ငံဆန်စပါး ကုန်သည်များအသင်း (MRPTA) အသိပေးထုတ်ပြန်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed

Copyright © All rights reserved. | Newsphere by AF themes.