July 21, 2026

ULA/AA က မင်းပြားခရိုင်မှာ ဒီရေတောထိန်းသိမ်းရေး လုပ်ငန်းများ စတင်အကောင်အထည် ဖော်ဆောင်

The Farmer Times၊ မေလ ၂၉ ရက်၊ ၂၀၂၆။

အာရက္ခပြည်သူ့တော်လှန်ရေအစိုးရ၊ သစ်တောဌာနက မင်းပြားခရိုင်အတွင်းမှာ ဒီရေတော ထိန်း သိမ်းရေးလုပ်ငန်းတွေကို စတင်အကောင်အထည်ဖော် လုပ်ဆောင်နေတယ်လို့ အာရက္ခတပ်တော် (ULA/AA) က ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။

အခုလို လုပ်ဆောင်ရတာက ရခိုင်ပြည်နယ်အတွင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးနဲ့ ရာသီဥတုပြောင်းလဲမှုကို ရင်ဆိုင်နိုင်ဖို့အတွက် ဖြစ်တယ်လို့ ULA/AA က ဆိုပါတယ်။

လတ်တလောမှာ မင်းပြားခရိုင်အတွင်းက ဒီရေတောပျက်စီးမှု အများအပြား ရှိနေတဲ့ ကမ်းစပ်ကျေး ရွာ၊ ဒေသတွေကို ရွေး ချယ်ပြီး၊ ဒေသခံပြည်သူတွေရဲ့ စုပေါင်းအင်အားဖြင့် ဗျူးခြေ ထောက်အပင်ပေါင်း ၇,၂၆၀ ပင်ကို စိုက်ပျိုးခဲ့တယ်လို့ သိရပါတယ်။

ရခိုင်ဒေသဟာ ပင်လယ်ကမ်းစပ်ဒေသဖြစ်တာကြောင့် ပင်လယ်ရေမြင့်တက်မှု၊ မုန်းတိုင်း၊ သဘာဝဘေး အန္တာရာယ်တွေကို နှစ်စဥ်ခံစားနေရပြီး သဘာဝဘေးအန္တရာယ်တွေကို ကာကွယ်ဖို့နဲ့ ရေလုပ်ငန်းကို အမှီ ပြုပြီး၊ လုပ်ကိုင်စားသောက်နေတဲ့ ပြည်သူတွေအတွက် သဘာဝဂေဟစနစ် ပြန်လည်ရှင်သန်လာကာ ရေသယံဇာတ ပေါများလာစေဖို့ ယင်းကဲ့သို့ အကောင်အထည်ဖော်ဆောင်ရတာ ဖြစ်တယ်လို့ ULA/AA က ဆိုပါတယ်။

ဒါအပြင် ရခိုင်ပြည်နယ်အတွင်းက မြို့နယ်အသီးသီးမှာလည်း ဆက်လက်ပြီး သစ်တောပြုန်းတီးမှုကို ကာကွယ်ဖို့နဲ့ ဒီရေတောများ ရေရှည်တည်တံ့ရေးအတွက်လည်း ဆက်လက်လုပ်ဆောင်သွား မယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်အတွင်းက ပြည်သူလူထုအနေဖြင့်လည်း ဒေသတွင်းမှာ ဒီရေတောတွေနဲ့ သစ်တောတွေ ဖြစ်ထွန်းလာစေရေးအတွက် သစ်ပင်များ စိုက်ပျိုးလိုတယ်ဆိုရင် အခုနှစ် ဇွန်လနဲ့ ဇူလိုင်လတွေအ တွင်း မျိုးပင်တွေ အခမဲ့လာယူနိုင်တယ်လို့ အာရက္ခတပ်တော်(ULA/AA) ရဲ့ သစ်တောနှင့် သဘာဝပတ်ဝန်းကျင် စီမံခန့်ခွဲရေးဌာနက တိုက်တွန်းအသိပေးထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed

Copyright © All rights reserved. | Newsphere by AF themes.