,

တောင်သူတွေအတွက် စိုက်ပျိုးစရိတ်ချေးငွေ မနက်ဖြန်မှာ ထုတ်ချေးပေးမယ်၊ ချေးငွေက မြေဩဇာဖို့ပင်မရလို့ တောင်သူတွေ အခက်ကြုံနေ

The Farmer Times မေလ ၁၃ ရက်၊ ၂၀၂၆ တောင်သူတွေကို ထုတ်ချေးပေးမယ့် စိုက်ပျိုးစရိတ်ချေးငွေက မြေဩဇာအသုံး စရိတ်ပင် မရတဲ့အပြင် ကြွေးကျေတောင်သူကိုသာ ချေးငွေ ထုတ်ပေးမယ်လို့ အာဏာသိမ်းစစ်အစိုးရ လက်အောက်ခံ မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်က ပြောဆိုလာတာကြောင့် အခက်ကြုံနေရတယ်လို့ တောင်သူတွေက ပြောပါတယ်။ လယ်ယာဖွံ့ဖြိုးရေးဘဏ်က..

The Farmer Times

မေလ ၁၃ ရက်၊ ၂၀၂၆

တောင်သူတွေကို ထုတ်ချေးပေးမယ့် စိုက်ပျိုးစရိတ်ချေးငွေက မြေဩဇာအသုံး စရိတ်ပင် မရတဲ့အပြင် ကြွေးကျေတောင်သူကိုသာ ချေးငွေ ထုတ်ပေးမယ်လို့ အာဏာသိမ်းစစ်အစိုးရ လက်အောက်ခံ မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်က ပြောဆိုလာတာကြောင့် အခက်ကြုံနေရတယ်လို့ တောင်သူတွေက ပြောပါတယ်။

လယ်ယာဖွံ့ဖြိုးရေးဘဏ်က စိုက်ပျိုးစရိတ်ချေးငွေတွေကို အခုမေလ ၁၂ ရက်(မနက်ဖြန်) ကစပြီး စတင်ထုတ်ချေးပေးသွားမယ်လို့ သိရပါတယ်။

လယ်ယာဖွံ့ဖြိုးရေးဘဏ်က စိုက်ပျိုးစရိတ်ချေးငွေကို တိုးမြှင့်ထုတ်ချေးပေးတယ်လို့ ပြောဆိုနေပေမယ့် အခုနှစ်မိုးစပါး စိုက်ပျိုးရာသီမှာ ထွန်စက်မောင်းခနဲ့ မြေဩဇာ၊ ပိုးသတ်ဆေး စျေးတွေက နှစ်ဆလောက် မြင့်တက်လာတဲ့အပြင် အလုပ်သမား ငှားရမ်းခ နူန်းထားတွေကလည်း မြင့်တက်လာတဲ့အတွက် တစ်ဧကကို စိုက်ပျိုးစရိတ်ချေးငွေ ၃ သိန်းကျပ်က နည်းပါးပြီး၊ ထိရောက်မှု မရှိဘူးလို့ တောင်သူတွေက ပြောဆိုကြပါတယ်။

ဒါအပြင် စိုက်ပျိုးစရိတ် ထုတ်ချေးရာမှာ အရင်နှစ်က ချေးငွေလက်ကျန်အတွက် အကြေဆပ်ပြီးသား တောင်သူတွေကိုသာ ထုတ်ချေးပေးမှာ ဖြစ်တဲ့အတွက် ချေးငွေမရတဲ့ တောင်သူတွေ အနေနဲ့ စိုက်ပျိုးဖို့ အခက်တွေ့နေရတယ်လို့လည်း ဆိုကြပါတယ်။

“ထုတ်ပေးတဲ့ သုံးသိန်းက အခုနှစ် ကုန်ကျစရိတ်နဲ့ဆိုရင် မြေဩဇာ ၂ အိတ်ဖိုးတောင် မရဘူး။ ဒါပေ မယ့်လည်း ကိုယ့်လယ်ရှိနေတော့ ရသင့်ရထိုက်တဲ့ ချေးငွေပဲ လိုချင်တာပေါ့။ လယ်သမားက တမင်မ ဆပ်ပဲ နေတာမျိုးလည်း မဟုတ်ပါဘူး။ အရင်နှစ်တွေက ကြွေးကျန်ရှိလို့ ထုတ်မပေးတာထားပါ။ လက် ခံလို့ရတယ်။ ငွေပမာဏက အတူတူပဲလေ။ အခုက ပုံမှန်ထက် ၁ သိန်းခွဲထက် ပိုထုတ်ချေးတာဆိုတော့ ရရင်ယူချင်တာပေါ့။ ခုနှစ်တစ်ဧကကို ၃ သိန်းရမှာလေ။ အဲတော့ ချေးငွေ မကြေသေးသူတွေကို ဆပ်ရ မယ့် ပမာဏနူတ်ပြီး ပိုတာကို ထုတ်ချေးပေးစေချင်တာပါ။ ” လို့ စပါးစိုက်တောင်သူ တစ်ဦးက ပြောပါတယ်။

လက်ရှိ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က ပြီးခဲ့တဲ့နှစ်တွေမှာ စပါး၊ ဂျုံနဲ့ ချည်မျှင်ရှည်ဝါအတွက် စိုက်စာရိတ်ချေးငွေ အနေနဲ့ တစ်ဧကကို ၁၅၀,၀၀၀ ကျပ်နှုန်း ထုတ်ချေးပေးခဲ့တာဖြစ်ပြီး၊ အခုနှစ်မှာတော့ တစ်ဧကကို ၃၀၀,၀၀၀ ကျပ်နှုန်းထိ တိုးမြှင့်ထုတ်ချေးပေးသွားမယ်လို့ ပြောဆိုထားပါတယ်။

ဒါ့အပြင် အခြားသီးနှံ ၁၈ မျိုးအတွက် အရင်က တစ်ဧကကို ၁ သိန်းကျပ်အစား အခုနှစ်မှာ တစ်ဧကကို ၂၅၀,၀၀၀ ကျပ်ထိ တိုးမြှင့်ထုတ်ချေးပေးသွားမှာဖြစ်ပြီး၊ ပန်းနှမ်းနဲ့ ဆီမုန်ညင်း၊ ဂုန်လျှော်တို့ကို အရင်က တစ်ဧကကို ၁ သိန်းကျပ်အစား အခုနှစ်မှာတော့ တစ်ဧကကို ၁၅၀,၀၀၀ ကျပ်နူန်းအထိ တိုးမြှင့်ထုတ်ချေးပေးသွားမယ်လို့ သိရပါတယ်။

ချေးငွေထုတ်ပေးရာမှာ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် စာအုပ်အမည်ပေါက် နာမည်နဲ့ လယ်ယာမြေ ပုံစံ(၇) လိုအပ်မှာဖြစ်ပြီး၊ အမည်ပေါက် မတူတဲ့ လယ်သမားတွေကိုတော့ ချေးငွေ ထုတ်ချေးပေးမှာ မဟုတ်ဘူးလို့ သိရပါတယ်။

” အမျိုးသားက ဆုံးသွားတော့ ကိုယ်စားလှယ်လွှဲစာနဲ့ ထုတ်ရတယ်။ နောက်နှစ်ကျတော့ ကိုယ်စားလှယ် လွှဲစားနဲ့ ထုတ်မပေးတော့ဘူး။ စာအုပ်အမည် ပြောင်းရမယ်ဆိုလို့ ကျွန်မအမည် ပြောင်းလိုက်တယ်။ ပြောင်းပြီးတော့ ၂ နှစ် ထုတ်လို့ရတယ်။ အခု ဘဏ်စာအုပ်နာမည်နဲ့ ပုံစံ ၇ နာမည်မတူရင် ထုတ်မပေး တော့ဘူးဆိုပြီး လုပ်ပြန်တယ်။ ဒါက ယောကျ်ားသေလို့ မိန်းမကထုတ်တာလ။ ဒါကို အမျိုးမျိုးတွေ ရစ် နေတာ။ အဲဒီလို တယောက်သေတိုင်းသာ အမည်ပေါက် ပြောင်းနေရရင် မခက်ဘူးလား။ ပုံစံ ၇ နာ မည်ပြောင်းဖို့ မေးကြည့်တော့ သိန်းချီပေးရမယ်ဆိုလို့ ဘဏ်လည်းမထုတ်တော့ဘူး။ ” လို့ ပဲခူးတိုင်း၊ ပြည်မြို့နယ်က တောင်သူတစ်ဦးက ပြောပါတယ်။

စပါးသီးနှံကို စိုက်ပျိုးစရိတ်ထုတ်ချေးရာမှာ တောင်သူတစ်ဦးကို လယ် ၁၀ ဧကအထိသာ အများဆုံး ထုတ်ချေးပေးမှာဖြစ်ပြီး၊ ချေးငွေအသစ် ထုတ်ချေးပေးဖို့ ထပ်တိုးတင်ပြလာတဲ့ တောင်သူတွေကို လည်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က ချေးငွေအသစ် ထုတ်ချေးပေးတာ မရှိဘူးလို့ တောင်သူတွေက ပြောဆိုကြပါတယ်။

About the Author

Leave a Reply

Your email address will not be published. Required fields are marked *

Latest News

View All

About the Author

Search the Archives

Access over the years of investigative journalism and breaking reports

You May Have Missed