, , ,

စိုက်ပျိုးရေးကဏ္ဍမှာ ရင်းနှီးမြှုပ်နှံဖို့ အပါအဝင် ရူပီး-ကျပ်ငွေပေးချေမှုစနစ်ဖြင့် ကုန်သွယ်ရေးမြှင့်တင်ဖို့  အိန္ဒိယ-မြန်မာသဘောတူ

(AA ထိန်းချုပ်ထားတဲ့  ကုလားတန်မြစ် စီမံကိန်းကို အမြန်ဆုံး အကောင်အထည် ဖော်မည်ဟုဆို) The Farmer Times၊ ဇွန်လ ၃ ရက်၊ ၂၀၂၆။ အာဏာသိမ်းစစ်ခေါင်းဆောင် သမ္မတတု ဦးမင်းအောင်လှိုင်ဟာ အိမ်နီးချင်းနိုင်ငံကြီးရဲ့ အသိအမှတ် ပြုမှုနဲ့ တရားဝင်မှုကို ရယူလိုတာကြောင့် ဝန်ကြီးချုပ်မိုဒီ တောင်းဆိုချက်တွေကို ဖြည့်ဆည်းပေးဖို့..

(AA ထိန်းချုပ်ထားတဲ့  ကုလားတန်မြစ် စီမံကိန်းကို အမြန်ဆုံး အကောင်အထည် ဖော်မည်ဟုဆို)

The Farmer Times၊ ဇွန်လ ၃ ရက်၊ ၂၀၂၆။

အာဏာသိမ်းစစ်ခေါင်းဆောင် သမ္မတတု ဦးမင်းအောင်လှိုင်ဟာ အိမ်နီးချင်းနိုင်ငံကြီးရဲ့ အသိအမှတ် ပြုမှုနဲ့ တရားဝင်မှုကို ရယူလိုတာကြောင့် ဝန်ကြီးချုပ်မိုဒီ တောင်းဆိုချက်တွေကို ဖြည့်ဆည်းပေးဖို့ ကတိ အများအပြား ပေးခဲ့ရပေမယ့် စီမံကိန်းဧရိယာတွေမှာ စစ်ပွဲတွေနဲ့ ပဋိပက္ခတွေ ဖြစ်ပွားနေတာကြောင့် နိုင်ငံတကာအဆင့် စီမံကိန်းကြီးတွေကို  အကောင်အထည် ဖော်ဆောင်နိုင်ဖို့က မြေပြင်လက်တွေ့ အခြေ အနေနဲ့ ဝေးကွာနေဦးမှာ ဖြစ်တယ်လို့ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ မြန်မာ့အရေး ကျွမ်းကျင်သူတွေက ဝေဖန်သုံးသပ်နေကြပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင် သမ္မတု ဦးမင်းအောင်လှိုင်ရဲ့ အိန္ဒိယနိုင်ငံ ခရီးစဉ်အတွင်းမှာ အိန္ဒိယနဲ့ မြန် မာနှစ်နိုင်ငံအကြား စိုက်ပျိုးရေးကုန်ထုတ်လုပ်မှု၊ ရေနံ၊ စွမ်းအင်နှင့် သတ္တုတွင်းကဏ္ဍတို့မှာ ရင်းနှီးမြှုပ်နှံ မှုတွေ တိုးချဲ့လုပ်ဆောင်သွားဖို့ အပါအဝင် “ရူပီး-ကျပ်” ပေးချေမှုစနစ်ဖြင့် ကုန်သွယ်မှုကို ပိုမိုမြှင့်တင်ဖို့ သဘောတူညီခဲ့ကြတယ်လို့ စစ်တပ်ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြထားပါတယ်။

အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် နာရင်ဒရာ မိုဒီရဲ့ ဖိတ်ကြားချက်အရ သမ္မတတု ဦးမင်းအောင်လှိုင်ဟာ ၂၀၂၆ ခုနှစ် မေလ ၃၀ ရက်ကနေ ဇွန်လ ၃ ရက်နေ့အထိ အိန္ဒိယနိုင်ငံကို ပထမဆုံးအကြိမ် တရားဝင် ချစ်ကြည် ရေးခရီးစဉ်အဖြစ် သွားရောက်ခဲ့တာ ဖြစ်ပါတယ်။

နှစ်နိုင်ငံအကြား ထုတ်ပြန်တဲ့ ပူးတွဲကြေညာချက်အရ ၂၀၂၄ ခုနှစ် မေလကတည်းက စတင်အကောင်အ ထည် ဖော်ဆောင်ခဲ့တဲ့ အဆိုပါ ရူပီး-ကျပ် ငွေပေးချေမှုစနစ်အတွင်း ငွေကြေးလည်ပတ်မှု ပမာဏ တိုး တက်လာခဲ့တယ်လို့လည်း ပြောဆိုထားပါတယ်။

ဒါ့အပြင် အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်လာတဲ့ တိုက်ပွဲတွေကြောင့် ရပ်ဆိုင်းထားရတဲ့ ကုလားတန် ဘက်စုံသုံး သယ်ယူပို့ဆောင်ရေး စီမံကိန်းနဲ့ အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ ကုန်သွယ်ရေးလမ်းမကြီး စီမံကိန်းတို့ကို နှစ်နိုင်ငံစလုံးအတွက် အဓိကဦးစားပေး စီမံကိန်းများအဖြစ် အမြန်ဆုံး အကောင်အထည် ဖော်ဆောင်သွားဖို့ကိုလည်း သဘောတူခဲ့တယ်လို့ သိရပါတယ်။

ကုလားတန်မြစ်ကြောင်း ဘက်စုံသုံး စီမံကိန်းထဲမှာ မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ် စစ်တွေ၊ ချင်းပြည်နယ် ပလက်ဝမြို့နယ် ကတစ်ဆင့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ထဲကို ရေကြောင်း၊ ကုန်းကြောင်း နှစ်မျိုးလုံး ကနေ ကုန်သွယ်နိုင်မယ့် စီမံကိန်း ဖြစ်ပါတယ်။

အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ အဝေးပြေးလမ်းမကြီးဟာ ကီလိုမီတာ ၁,၄၀၀ ခန့် ရှည်လျားပြီး၊ အိန္ဒိယ-မြန်မာနယ်စပ် မိုရေးမြို့ကတစ်ဆင့် မြန်မာနိုင်ငံ တမူးမြို့၊ ကလေး၀ -ယာကြီး-မုံရွာလမ်းကြောင်းကို ဖြတ်သန်းကာ မန္တလေး၊ နေပြည်တော်၊ ပဲခူး၊ ဘားအံ၊ ကော့ကရိတ်၊ မြ၀တီမြို့များမှတစ်ဆင့် ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ အဝေးပြေးလမ်းမကြီးထိ ကုန်သွယ်မယ့် အဝေးပြေးလမ်းမကြီး ဖြစ်ပါတယ်။

အိန္ဒိယဝန်ကြီးချုပ် မိုဒီက အဆိုပါစီမံကိန်းတွေကို အမြန်ဆုံးရှေ့ဆက်နိုင်ဖို့ တိုက်တွန်းခဲ့ရာမှာ သမ္မတတု ဦးမင်းအောင်လှိုင်က စီမံကိန်းတွေ ပြီးမြောက်အောင်မြင်စေဖို့ အစွမ်းကုန် လုပ်ဆောင်သွားမယ်လို့ အာမ ခံခဲ့တာ ဖြစ်ပါတယ်။

အမှန်တကယ် မြေပြင်မှာတော့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တစ်ခုလုံးကို အာရက္ခတပ်တော် (AA) က ၂၀၂၄ ခုနှစ်၊ နှစ်ဆန်ပိုင်းကတည်းက သိမ်းပိုက်ထိန်းချုပ်ထားသလို၊ ရခိုင်ပြည်နယ်က မြို့နယ်အများ စုကိုလည်း  အာရက္ခတပ်တော် (AA) က ထိန်းချုပ်ထားသလို ကုလားတန်မြစ် စီမံကိန်းစတင်မယ့် စစ်တွေ မြို့မှာလည်း တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေပါတယ်။

ဒါ့အပြင် အာဏာမသိမ်းခင်က ကုန်သွယ်မှုတွေနဲ့ စည်းကားခဲ့တဲ့ တမူးမြို့ရှိ နန့်ဖာလုံစျေးကိုလည်း စစ် ရေးအခြေအနေတွေကြောင့် ပြီးခဲ့တဲ့ပြီးကတည်းက ပိတ်ထားရတာဖြစ်ပြီး၊ တမူး–ကလေး-ယာကြီး- မုံရွာ လမ်းကြောတလျှောက်က ကျေးရွာအများစုကိုလည်း ဒေသခံတော်လှန်ရေး တပ်တွေက ထိန်းချုပ် ထားသလို၊ အဲ့ဒီလမ်းတလျောက်မှာလည်း တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက မြ၀တီအမှတ်(၂) တံတားကို ပြန်ဖွင့်ပြီး ကုန်သွယ်မှုပြန်လုပ်ဖို့ ပြင်နေပေမယ့် ဘားအံ-ကော့ကရိတ်၊-မြ၀တီ အာရှလမ်းမကြီးတလျောက်မှာ ကရင်အမျိုးသား လွတ်မြောက်ရေး တပ် မတော်- KNLA မဟာမိတ် ပူးပေါင်းတပ်တွေနဲ့ အာဏာသိမ်းစစ်တပ်တို့ နေ့စဉ်တိုက်ပွဲတွေ​ ဖြစ်ပွားနေပါ တယ်။

သမ္မတတု ဦးမင်းအောင်လှိုင်ဟာ အိမ်နီးချင်းနိုင်ငံကြီးရဲ့ အသိအမှတ်ပြုမှုနဲ့ တရားဝင်မှုကို ရယူလိုတာ ကြောင့် ကတိကဝတ်ပေါင်းများစွာကို  ပေးခဲ့ပေမယ့် အကောင်အထည် ဖော်ဆောင်နိုင်ဖို့က မြေပြင် လက်တွေ့ အခြေအနေနဲ့ ဝေးကွာနေဦးမှာ ဖြစ်တယ်လို့ စီးပွားရေးလုပ် ငန်းရှင်တွေနဲ့ မြန်မာ့အရေး ကျွမ်း ကျင်သူတွေက သုံးသပ်နေကြတာ ဖြစ်ပါတယ်။

ဒါ့အပြင် ဝန်ကြီးချုပ်မိုဒီက  အိန္ဒယ-မြန်မာနယ်စပ်၊ မြန်မာနိုင်ငံအတွင်း အခြေစိုက်လှုပ်ရှားနေတဲ့ အိန္ဒိယ သူပုန်အဖွဲ့တွေကို  ဖိအားပေးဖို့အတွက်လည်း ထည့်သွင်းပြောဆိုခဲ့သလို၊ အာဏာသိမ်းစစ်ခေါင်းဆောင် ကလည်း လက်နက်ကိုင်အဖွဲ့တွေကို လိုအပ်သလို အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်သွားမယ်လို ပြော ဆိုခဲ့ပါသေးတယ်။

မြန်မာနိုင်ငံဟာ အိန္ဒိယအတွက် “အရှေ့တောင်အာရှသို့ သွားရာ တံခါးပေါက်” ဖြစ်တယ်လို့  တရားဝင် ထုတ်ဖော်ပြောဆိုခဲ့ပြီး၊ နှစ်နိုင်ငံကြား မဟာဗျူဟာမြောက် ဆက်ဆံရေးကို အလေးအနက် ပြုတယ်လို့ လည်း ဝန်ကြီးချုပ်မိုဒီက  ပြောဆိုခဲ့ပါတယ်။

REF: IndiasNews.Net

Leave a Reply

Your email address will not be published. Required fields are marked *

You May Have Missed