July 12, 2026

ပြည်ခရိုင်ထဲက နွေစပါးစိုက်ခင်းတွေမှာ ကြွက်တွေသောင်းကျန်းနေလို့စိုက်ခင်းအများစုပျက်စီးနေ

The Farmer Times၊ ဇွန်လ ၁၀ ရက်၂၀၂၆ ခုနှစ်

ပဲခူးတိုင်း၊ အနောက်ခြမ်း၊ ပြည်ခရိုင်ထဲက နွေစပါးစိုက်ခင်းတွေထဲကို ကြွက်တွေဝင်ရောက်ကာ စပါးပင် တွေကို ဖျက်ဆီးစားသောက်နေတဲ့အတွက် စိုက်ခင်းအများစု ပျက်စီးပြီး၊ ရိတ်သိမ်းလို့မရတဲ့ အခြေအ နေနဲ့ ရင်ဆိုင်နေရတယ်လို့ ဒေသခံလယ်သမားတွေက ပြောပါတယ်။

ပြည်ခရိုင်ထဲက မကြာခင် ရိတ်သိမ်းရတော့မယ့် နွေစပါးစိုက်ခင်းတွေမှာ ကြွက်တွေရဲ့ ဖျက်ဆီးစား သောက်မှုကြောင့် အခင်းလိုက်ပျက်စီးတဲ့အထိ ဖြစ်ပေါ်နေတာ ဖြစ်ပါတယ်။

” တချို့လယ်တွေစပါး ရိတ်လို့မရတော့ဘူး။ ရိတ်စရာ မရှိတော့တာပေါ့။ အခုက ကြွက်ကအုပ်လိုက် ဆိုတော့ ဘယ်လိုမှ မနှိမ်နင်းမနိုင်ဘူး ဖြစ်နေတာ။ လယ်တိုင်းလိုလို ဖြစ်နေတာ။ တချို့ဆိုစပါးပင် ကျန် ပေမယ့် စက်ရိတ်ခနဲ့ မကိုက်တဲ့အတွက် မရိတ်တော့တာမျိုးလည်း ရှိတယ်။ ကြွက်တွေက အတော်ကို ဆိုးနေတာ။ ” လို့ ပြည်ခရိုင်ထဲက တောင်သူ ဦးစိန်က ပြောပါတယ်။

စစ်တပ်အာ အာဏာသိမ်းပြီးနောက်ပိုင်း စက်သုံးဆီ အပါအဝင် စိုက်ပျိုးရေး သွင်းအားစု စျေးနှုန်းတွေ ၃ ဆခန့် မြင့်တက်လာပေမယ့် စပါး အပါအဝင် လယ်ယာထွက်ကုန် သီးနှံစျေးတွေက ကျဆင်းနေတဲ့အ တွက် စိုက်ပျိုးရေးကို ယာယီရပ်နားထားလိုတဲ့ လယ်သမားတွေ ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါ တယ်။

ဒါပေမယ့် အာဏာသိမ်းစစ်အစိုးရက နွေစပါးကို မဖြစ်မနေ စိုက်ပျိုးရမယ်လို့ ဖိအားပေး ညွှန်ကြား ခဲ့တာကြောင့် တောင်သူအားလုံး စိုက်ပျိုးခဲ့ရတာဖြစ်ပြီး၊ အခုလို စိုက်ခင်းတွေထဲ ကြွက်တွေ ဝင်ရောက် ဖျက်ဆီးချိန်မှာတော့ လာရောက်ကူညီဖြေရှင်းပေးတာမျိူး မရှိတဲ့အတွက် ဝေဖန်မှုတွေလည်း မြင့်တက် နေပါတယ်။

နွေစပါးစိုက်ခင်းအများစုမှာ ကြွက်ကိုက်ခံရပြီး ပျက်စီးသွားတဲ့အတွက် တောင်သူတွေအနေနဲ့  စိုက်စာ ရိတ် အရှုံးပေါ်ပြီး အကြွေးနွံ့နစ်သွားတဲ့ လယ်သမားတွေလည်း ရှိနေပါတယ်။

” မစိုက်မနေရ စိုက်ရမယ်ဆိုလို လုပ်ရတာ။ မဟုတ်ရင် နွေစပါးအကုန် လွှတ်ထားကြမှာ။ အခုတောင် သူတွေ ဒုက္ခရောက်တော့ သူတို့က လှည့်မကြည့်ဘူး။ ကြွက်ကိုက်လို့ မရိတ်ရတဲ့ လယ်တွေဆိုရင် စက် မောင်းခ၊ မျိုးစပါးဖိုး၊ ပေါင်းသတ်ဆေး၊ မြေဩဇာ၊ အလုပ်သမားခ အကုန်ရှုံးပြီ။ ” လို့ ပြည်မြို့နယ်မှ တောင်သူဦးကျော်နိုင်က ပြောပါတယ်။

တောင်သူတွေအနေနဲ့ နွေစပါးစိုက်ပျိုးဖို့အတွက် မြေဩဇာ၊ မျိုးစပါး၊ စက်မောင်းခကို စပါးပေါ်ပေး အကြွေးစနစ်နဲ့ လုပ်ဆောင်ခဲ့ရတာဖြစ်လို့ စပါးမရိတ်ရတဲ့ လယ်သမားတွေအနေနဲ့  အကြွေးပြန်ဆပ်ဖို့ ဒုက္ခရောက်နေကြရတာ ဖြစ်ပါတယ်။

နွေစပါးမှာ ကြွက်ဖျက်ဆီးမှုကြောင့် စပါးခင်းပျက်စီးပြီး စိုက်စာရိတ်ရှုံးခဲ့တဲ့ လယ်သမားတွေအနေနဲ့ မိုးစပါး ထပ်မံစိုက်ပျိုးဖို့အတွက်လည်း  စိုက်ပျိုးစရိတ် ငွေကြေးလိုအပ်ချက်တွေ ရှိနေတယ်လို့ ဆိုကြပါ တယ်။

မြန်မာလယ်ယာဖွံ့ဖြိုးရေးဘဏ်က ထုတ်ချေးပေးနေတဲ့ မိုးစပါး စိုက်စရိတ်ချေးငွေကလည်း အကြွေး ကျေသွင်းပြီးတဲ့ တောင်သူကိုသာ ထုတ်ချေးပေးတာဖြစ်လို့ အရင်နှစ်က အကြွေးလက်ကျန် ပြန်မဆပ် နိုင်သေးတဲ့  တောင်သူအများအပြား ရှိနေတယ်လို့လည်း သိရပါတယ်။

အခုနှစ်  ပြည်ခရိုင်အတွင်းမှာ နွေစပါးစိုက်ဧက (၃၆,၅၈၂) ခန့် စိုက်ပျိုးနိုင်ခဲ့ပြီး၊ အဓိကအားဖြင့် ရက် (၉၀) စပါးနဲ့  RT-85 စပါးမျိုးကိုသာ စိုက်ပျိုးကြတာ ဖြစ်ပါတယ်။

မကြာခင် ပြည်ခရိုင်အတွင်း  မိုးစပါးများကို စတင်စိုက်ပျိုးကြတော့မှာဖြစ်ပြီး၊ မိုးစပါးအနေနဲ့ ဆင်းသုခ၊ ရတနာတိုး၊ အင်းမရဲဘော်၊ မှော်ဘီစပါး (၁၀)မျိုးအစား မျိုးစေ့များကိုစာ အဓိက စိုက်ပျိုးကြတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Copyright © All rights reserved. | Newsphere by AF themes.