ဖရဲ၊ သခွားမွှေး၊ သရက်သီး ပြည်ပစျေးကွက်ရော၊ တင်ပို့မှုပါလျော့ကျ
The Farmer Times၊ ဇူလိုင်လ ၂၁၊ ၂၀၂၆။
ပြီးခဲ့တဲ့ရာသီမှာ ပြည်ပကို ဖရဲ၊ သခွားမွှေး၊ သရက်သီး တင်ပို့မှု တန်ချိန်အပမာဏလျော့ကျခဲ့တဲ့အပြင် စျေးကွက်ကလည်း လျော့ကျခဲ့တယ်လို့ မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက် ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း (MFVP)က ပြောပါပါတယ်။
ပြီးခဲ့တဲ့ သခွားရာသီမှာ ပြည်ပကို သခွားမွှေးတန်ချိန် ၇၀,၀၀၀ ကျော်တင်ပို့ခဲ့ပြီး၊ အမေရိကန်ဒေါ်လာ ၁၅ သန်းကျော် ရရှိခဲ့ပေမယ့်၊ ဖရဲသီးကတော့ တန်ချိန် ၃၀,၀၀၀ ကျော်လောက်အထိသာ တင်ပို့နိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒါအပြင် သရက်သီးကတော့ တင်ပို့မှုတန်ချိန် အနည်းဆုံးဖြစ်ပြီး၊ ပြည်ပကို တန်ချိန် ၉,၃၀၀ လောက် တင်ပို့နိုင်ဖို့ ရည်မှန်းထားခဲ့ပေမယ့် လက်တွေ့မှာတော့ တန်ချိန် ၃၀၀ ကျော်လောက်သာ တင်ပို့နိုင်ခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်အတွင်းက ပြည်ပကို ဖရဲသီး တင်ပို့မှုအနေနဲ့ တန်ချိန် ၈ သိန်းနီးပါးအထိ တင်ပို့နိုင်ခဲ့သလို၊ သခွားမွှေးကလည်း တန်ချိန်သိန်းဂဏန်းအထိ တင်ပို့မှုရှိခဲ့ပါတယ်။ အလားတူ သရက်သီးကလည်း ပြည်ပကို တန်ချိန် ၅၀,၀၀၀ လောက်အထိ တင်ပို့နိုင်ခဲ့တယ်လို့ သိရပါ တယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ တိုက်ပွဲတွေနဲ့ နယ်မြမတည်ငြိမ်မှုတွေကြောင့် လမ်းပန်း ဆက်သွယ်ရေးတွေ သွားလာရခက်ခဲနေတဲ့အပြင် နယ်စပ်ကုန်သွယ်ရေးဂိတ်တွေကလည်း ပိတ်သိမ်း လိုက်ရတဲ့ အခြေအနေတွေကြောင့် ပြည်ပသစ်သီး၀လံ တင်ပို့မှုနူန်းဟာ ဆက်တိုက်ကျဆင်းသွားတာ ဖြစ်တယ်လို့ ကုန်သည်တွေက ပြောပါတယ်။
” မထင်မှတ်ထားဘဲ သရက်ကဏ္ဍက အတော်ကျဆင်းခဲ့တယ်။ သီဟိုစေ့တစ်တန်ပို့တာနဲ့ ဖရဲသီး ၄၁ တန် ပို့တာနဲ့ အတူတူဘဲ ဖြစ်နေတယ်။ နယ်စပ်ဂိတ်တွေ ပိတ်ထားလို့ မိုင်းလားလမ်းကြောင်းကနေ ခက်ခက် ခဲခဲ တင်ပို့ခဲ့ကြရတာချင်း တူတူပါပဲ။ ဒါပေမယ့် ရလဒ်ကတော့ သခွားမွှေးက အကောင်းဆုံး ရုန်းကန်နိုင် ခဲ့ပါတယ်။ မူလ စံချိန်တင်ခဲ့တဲ့ ၂၀၁၉-၂၀၂၀ ရဲ့ ပမာဏ တစ်ဝက်ကျော် တင်ပို့နိုင်တယ်။ ဖရဲသီးကတော့ အမြင့်ဆုံး ၂၀၂၀ ခုနှစ်တုန်းက တန်ချိန် ၈ သိန်းနီးပါးအထိ ပို့ခဲ့ဖူးပေမယ့် ခုနှစ်မှာတော့ တန်ချိန် ၃ သောင်းကျော်လောက်သာ တင်ပို့နိုင်ပါတော့တယ်။ သရက်သီးက အကျဆုံးသီးနှံ ဖြစ်ခဲ့ရပါတယ်။ ၂၀၂၀ မတိုင်ခင်က တန်ချိန် ၅ သောင်းဝန်းကျင် ပို့ခဲ့ရာကနေ တန်ချိန် ၃၀၀ ကျော်သာ တင်ပို့နိုင်ခဲ့ပြီး လျာထားချက်ရဲ့ ၃ ရာခိုင်နှုန်းသာ ပြည့်မှီပါတယ်။ သရက်၊ ဖရဲ မစိုက်နဲ့ လည်းမပြောလိုဘူး။ နှစ်၂၀ ကြာပြီးတဲ့နောက် သရက်၊ ဖရဲ၊ သခွားမွှေး ပို့ကုန်ကို အသေးစိတ် ပြန်လည်သုံးသပ်သင့်နေပြီ ဖြစ်ပါ တယ်။ ပို့ကုန်အမယ်သစ်တွေကလည်း ရေရှည်ဘယ်လိုသွားမှာလဲ မှန်းရခက်ပါတယ်။ ” လို့ မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက် ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း (MFVP) မှ အတွင်းရေးမှူး ဒေါ်စန္ဒာမျိုးက သုံးသပ်ပြောဆိုထားပါတယ်။
ဖရဲ၊ သခွားမွှေးနဲ့ သရက်သီးတွေကို တရုတ်နိုင်ငံကို တင်ပို့ရာမှာ မူဆယ်နယ်စပ် ကုန်သွယ်ရေးဂိတ် တွေက တင်ပို့နိုင်ခြင်းမရှိဘဲ မူဆယ်လမ်းကြောင်းအစား ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းလားနယ်စပ်လမ်း ကြောင်းကနေ ပြောင်းလဲတင်ပို့ခဲ့ရတာ ဖြစ်ပါတယ်။
မိုင်းလားလမ်းကြောင်းကနေ တင်ပို့နေရတဲ့အတွက် လမ်းခရီးဝေးပြီး သယ်ယူပို့ဆောင်ရေး ကုန်ကျစ ရိတ်ပိုမိုမြင့်မားတာ၊ လမ်းခရီးဝေးတဲ့အတွက် အသီးအနှံတွေ လတ်ဆတ်မှု မရှိတော့ဘဲ သီးနှံအရည်အ သွေး ထိခိုက်ကျဆင်းတာ စတဲ့အခက်အခဲတွေလည်း ကြုံတွေ့ခဲ့ရတယ်လို့ ကုန်သည်တွေက ပြောပါ တယ်။
ဒါကြောင့် ပြည်တွင်းထွက် ဖရဲ၊ သခွားမွှေး၊ သရက်သီးတွေဟာ တရုတ်နိုင်ငံ အသီးရောင်းကွင်းကို ရောက်တဲ့အချိန်မှာ စျေးအနှိမ်ခံရတာ၊ စျေးနှုန်းကျဆင်းတာတွေ ဖြစ်ပေါ်ခဲ့တာကြောင့် တင်ပို့မှုလျော့ ကျခဲ့သလို့၊ အရှုံးနဲ့လည်း ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဖရဲ၊ သခွားမွှေး၊ သရက်ရာသီမှာ မန္တလေး-တောင်ကြီး-ကျိုင်းတုံ-မိုင်းလားလမ်းကြောင်းက နေသာ တရုတ်ဘက်ကို အသီးတင်ပို့မှုရှိခဲ့တာဖြစ်ပြီး၊ လမ်းခရီးက အနည်းဆုံး ၄ ညအိပ် ၅ ရက်လောက် ကြာမြင့်တယ်လို့ သိရပါတယ်။
” ခုနှစ်က အကုန်ရှုံးကြတယ်။ သရက်သီးတင်ပို့မှုနည်းတာလည်း မပြောနဲ့ တရုတ်စျေးကွက်က မ ကောင်းသလို လမ်းခရီးကဝေးတော့ သရက်သီးတွေက ဒဏ်မခံနိုင်ဘူး။ အသီးနာသွားရင် ပြည်တွင်းမှာ တောင် ဝယ်ချင်တာမှ မဟုတ်တာလေ။ အခုက ပြည်ပပို့တာဆိုတော့ ပိုဆိုးတာပေါ့။ အသီးအရည် အသွေးမကောင်းတာ အမဲစက်တွေ ဖြစ်လာရင် အရောင်းအဝယ် မဖြစ်တော့ ပြည်ပကို မပို့ဘဲ ပြည် တွင်းမှာပဲ ရောင်းကြတယ်။ သရက်သီးက ပြည်တွင်းစားသုံးမှုလည်းများတယ်။ အရည်အသွေး သိပ်မ ကောင်းရင် သရက်ပြင် လုပ်ထားလို့ရတယ်။ တာရှည်ခံတယ်လေ။ သခွားမွှေးနဲ့ ဖရဲကတော့ ပြည်တွင်း စားသုံးမှုရှိပေမယ့်လည်း ပိူလျှံတယ်။ အဲဒီအတွက် ပြည်ပစျေးကွက်ရှိမှ အဆင်ပြေမှာ။ ခုနှစ်တော့ တော်တော်ရှုံးကြတယ်။ ဖရဲ၊ သခွားစိုက်သူ နည်းသွားမယ်။ ” လို့ ဖရဲ၊ သခွားမွှေးစိုက် တောင်သူ ကိုသစ္စာက ပြောပါတယ်။
ပြီးခဲ့တဲ့ရာသီမှာ တရုတ်စျေးကွက်ကို လာအိုနိုင်ငံကလည်း ဖရဲ၊ သခွား၊ သရက်သီးတွေ တင်ပို့မှုရှိခဲ့ပါ တယ်။ ဒါ့အပြင် မြန်မာနိုင်ငံအတွင်းမှာလည်း တရုတ်လုပ်ငန်းရှင်တွေကိုယ်တိုင် လာရောက်စိုက်ပျိုးပြီး၊ စျေးကွက်ထဲမှာ ရောင်းချလာတဲ့အတွက် မြန်မာထွက်ကုန်သီးနှံကို တရုတ်ဘက်က ဝယ်လိုအားလျော့ ကျမှု ရှိခဲ့တယ်လို့ သိရပါတယ်။
“ ဒီနှစ်ပိုင်းမှာ တခြားစိုက်ပျိုးရေးပို့ကုန်တွေ ထက်ထူးခြားစွာ အရှုံးပေါ်တာက သစ်သီးပို့ကုန်ကဏ္ဍပါ။ ဖရဲသီးကတော့ ရာသီအစကတည်းကနေ ပြီးဆုံးသွားတဲ့ အထိဈေးမရခဲ့ဘူး။ စိုက်စရိတ်များပြားတဲ့အ ပြင် တင်ပို့မှုစရိတ် မတန်တဆဈေး မြှင့်တက်နေမှုက အဖြေပါ။ မန္တလေး၊ စစ်ကိုင်း၊ ရန်ကုန်ဖက်က ဖရဲ သီးတွေ မိုင်းလားဖက်တင်ပို့မှု အခြေအနေ မကောင်းသလို ရှမ်းမြောက်ဒေသ ဖရဲသီးလည်း သူတို့နဲ့ အနီး ဆုံး အပေါက်က ပို့တာလည်း အဆင်မပြေကြဘူး။ တရုတ်ပြည်တွင်းက တိုးချဲ့လာတဲ့ Green house စိုက်ပျိုးစနစ်ကနေ လတ်ဆတ်တဲ့ ဖရဲသီး သခွားမွှေးနဲ့ လာအိုတရုတ်စိုက်ခင်းတွေက ပို့ကုန်သစ်သီး တောင်ဈေးကျနေမှတော့ မြန်မာဖရဲသခွားများ ပိုဆိုးသွားခဲ့တာပေါ့။ သရက်သီး ရာသီမှာလည်း လမ်းကြောင်းအားသာချက်နဲ့ အနည်းအကျဉ်း ပို့နိုင်ခဲ့ပေမယ့် ပြည်မစိန်တလုံးသရက် သီးက ပြုစုပျိုးထောင်မှု အခက်အခဲကြောင့် အရည်အသွေးပိုင်း အားနည်းခဲ့တယ်။ “ လို့ ခွာညိုသစ် သီးပွဲရုံပိုင်ရှင် ဦးစိုင်းခင်မောင်က ပြောပါတယ်။
စိုက်ပျိုးမှု ကုန်ကျစရိတ်နဲ့ တရုတ်နိုင်ငံကို နယ်စပ်ကနေ ကုန်စည်တင်ပို့ဖို့အတွက် သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ်တွေ အဆမတန်များပြီး၊ တရုတ်က စျေးပေးဝယ်ယူမှုနည်းတဲ့အပြင် ဝယ်လိုအားပါ လျှော့ ချတဲ့အတွက် တောင်သူတွေ အရှုံးများခဲ့တာလို့ သိရပါတယ်။
ဒါကြောင့် အခုနှစ်မှာတော့ ဖရဲ၊ သခွား လျှော့ချစိုက်ပျိုးပြီး အစားထိုးသီးနှံတွေ စိုက်ပျိုးဖို့ ပြုလုပ် လာကြတယ်လို့လည်း တောင်သူတွေက ပြောဆိုထားပါတယ်။
