ရေကြီးမှုကို အခွင့်ကောင်းယူပြီး ကုန်သည်တွေစျေးကစားလို့ ဆန်စျေးနူန်း ဆက်တိုက်မြင့်တက်နေ
The Farmer Times၊ ဩဂုတ်လ ၁၉ ရက်၊ ၂၀၂၆။
ပြည်တွင်းဆန်စျေးကွက်အတွင်းမှာ အရောင်းအဝယ် အေးနေပေမယ့် ဆန်အမျိုးအစားအလိုက် စျေးနူန်း တွေက ဆက်တိုက်မြင့်တက်လာနေတယ်လို့ စားသုံးသူပြည်သူတွေက ပြောပါတယ်။
လတ်တလောမှာ ဧရာ၀တီတိုင်း၊ ပဲခူးတိုင်းနဲ့ စစ်ကိုင်းတိုင်းတို့က စပါးခင်းတွေ ရေကြီးနစ်မြုပ်တဲ့ အခြေ အနေ အပါအဝင် လက်ကျန်ဆန်စပါးတွေကိုလည်း တစ်နေရာကနေ တစ်နေရာကို သယ်ယူတင်ပို့ရောင်း ချနိုင်ဖို့ ခက်ခဲနေသေးတာကို အခွင့်ကောင်းယူပြီး ဆန်ကုန်သည်တချို့က စျေးကစားနေတာကြောင့် ဆန်စျေးနှုန်းတွေ မြင့်တက်လာတာ ဖြစ်တယ်လို့ ဆန်ကုန်သည် အသိုင်းအဝိုင်းက ဆိုပါတယ်။
” မြောင်းမြဧရာပဒေသာ ဆန်ဆိုရင် အရင်လက တစ်အိတ်ကို ၁၄၀,၀၀၀ ပဲရှိတယ်။ အခုဆို ၁၅၀,၀၀၀ ကျပ် ဖြစ်သွားတယ်။ ဒါတောင် ဆန်စျေးတွေက လက်ကျန်ရှိနေလို့ ထိန်းရောင်းနေတာ။ စျေးတွေက လှုပ်လာတယ်။ လက်ရှိကတော့ စားသုံးသူလောက်ပဲ ဝယ်လက်ရှိတယ်။ လက်ကားသမားတွေကတော့ အဝယ်အေးတယ်။ ” လို့ ရန်ကုန်မြို့က ဆန်ရောင်းဝယ်ရေး လုပ်ကိုင်သူတစ်ဦးက ပြောပါတယ်။
အခု ဩဂုတ်လ ၁၈ ရက်နေ့က ပြည်တွင်းဆန်ဈေးကွက်အတွင်းမှာ ဆန်ချောအမျိုးအစားတွေဖြစ်တဲ့ ရွှေဘိုပေါ်ဆန်းမွှေးက တစ်အိတ်ကို ၂၀၀,၀၀၀ မှ ၂၂၅,၀၀၀ ကျပ်၊ ပေါ်ဆန်းနယ်စုံက တစ်အိတ်ကို ၁၅၃,၀၀၀ မှ ၁၆၃,၀၀၀ ကျပ်၊ မြောင်းမြ၊ ပုသိမ်ပေါ်ဆန်းက ၁၆၀,၀၀၀ မှ ၁၇၀,၀၀၀ ကျပ်၊ ကြားပျံနယ် စုံက တစ်အိတ်ကို ၁၆၃,၀၀၀ မှ ၁၇၃,၀၀၀ ကျပ်၊ ဖျာပုံ၊ မြောင်းမြကျားပျံဆန်က တစ်အိတ်ကို ၁၆၅,၀၀၀ မှ ၁၇၅,၀၀၀ ကျပ် အသီးသီးပေါက်စျေးရှိနေပါတယ်။
ဆန်ကြမ်းအမျိုးအစားတွေဖြစ်တဲ့ ခွံ့နီဆန်က တစ်အိတ်ကို ၁၃၅,၀၀၀ မှ ၁၄၀,၀၀၀ ကျပ်၊ ရက် ၉၀ ဆန်ဟောင်းက ၁၁၂,၀၀၀ ကျပ်၊ ရက် ၉၀ ဆန်သစ်က ၉၅,၀၀၀ မှ ၁၀၀,၀၀၀ ကျပ်၊ ဇီယာက တစ်အိတ် ကို ၇၅,၀၀၀ မှ ၈၀,၀၀၀ ကျပ်၊ ဧည့်မထ (၁၅ ရာခိုင်နှုန်းအကြမ်း)က ၇၇,၀၀၀ မှ ၈၂,၀၀၀ ကျပ်၊ ငစိန်ဆန် က တစ်အိတ်ကို ၆၈,၀၀၀ မှ ၇၃,၀၀၀ ကျပ်၊ သီးပုက ၇၇,၀၀၀ မှ ၈၃,၀၀၀ ကျပ်၊ ချော(EX) က ၆၈,၀၀၀ မှ ၈၀,၀၀၀ ကျပ်၊ ကြမ်း(EX) က တစ်အိတ်ကို ၅၅,၀၀၀ မှ ၅၉,၀၀၀ ကျပ် အသီးသီးပေါက်စျေးရှိနေပါ တယ်။
မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း(MRTA)၊ ရန်ကုန်ဝါးတန်းကုန်စည်ဒိုင်က ထုတ်ပြန်ချက်အရ ရွှေဘိုပေါ်ဆန်းမွှေး တစ်အိတ်ကို အမြင့်ဆုံးစျေး ၂၂၅,၀၀၀ ကျပ်သာ စျေးရှိနေပေမယ့် ပြင်ပ လက်လီ စျေးကွက်မှာတော့ တစ်အိတ်ကို ၂၅၀,၀၀၀ ကျပ်ထိ ပေါက်စျေးရှိနေပါတယ်။
အခုဩဂုတ်လအတွင်းမှာ ဆန်အမျိုးအစားအလိုက် တစ်အိတ်ကို ၃,၀၀၀ မှ ၁၀,၀၀၀ ကျပ်အထက်အထိ မြင့်တက်လာတာ ဖြစ်တယ်လို့ ဆန်ကုန်သည်တွေက ပြောပါတယ်။
ဆန်စျေးကွက် မြင့်တက်လာပေမယ့် ပြည်တွင်းဆန်စျေးကွက်က အရောင်းအဝယ်အေးနေပြီး ရန်ကုန် ကနေ နယ်အရောင်းဆိုင်တွေကို တင်ပို့ရောင်းချရမှု မရှိသလောက် နည်းပါးနေတယ်လို့လည်း ကုန်သည် တွေက ဆိုပါတယ်။
” ဆန်က ရန်ကုန်ထဲတောင် ကိုယ့်အနီးနားက မြို့လောက်ပဲ ရောင်းရတယ်။ ထိုင်နေရတယ်။ ရေ ကြီး တာတွေ လမ်းပန်းဆက်သွယ်ရေး မကောင်းတာတွေကြောင့် နယ်ကို ဆန်မပို့ရသလောက်ပဲ။ ကုန်ကား တွေလည်း ကုန်ပေးပါဆိုပြီး တောင်းကြတယ်။ ဒါပေမယ့် ကိုယ်လည်း ဆန်ကရောင်းမရတော့ ကုန် မပေးနိုင်ဘူး။ အရင်ဆို ကြိတ်ကြိတ်တိုး ရောင်းရတာကနေ အခုဆို ရပ်သလောက်ကို ဖြစ်သွားတာ။ ” လို့ ရန်ကုန်မြို့ခံဆန်ရောင်းဝယ်ရေး လုပ်ကိုင်သူက ဆက်လက်ပြောပါတယ်။
မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်(MRF) ကတော့ ဆန်ဈေးကွက်၊ ဈေးနှုန်းတည်ငြိမ်စေဖို့အတွက် ဧရာဝ တီ/ ရွှေဘိုပေါ်ဆန်းဆန်၊ ဧည့်မထဆန်တွေကို သင့်တင့်မျှတတဲ့ ဈေးနူန်းနဲ့ ရောင်းချပေးသွားမယ်လို့ ဩဂုတ်လ ၁၈ ရက်နေ့က ထုတ်ပြန်ထားပါတယ်။
MRF အနေနဲ့ ရွှေဘိုပေါ်ဆန်း (၂၄ ပြည် – ၁၀၈ ပေါင်) တစ်အိတ်ကို ၂၀၀,၀၀၀ ကျပ်နှုန်း၊ ဧရာဝတီပေါ်ဆန်း ၂၄ ပြည် – ၁၀၈ ပေါင်) တစ်အိတ်ကို ၁၅၀,၀၀၀ ကျပ်နှုန်းနဲ့ အိမ်အရောက်ပို့စနစ် (Home Delivery) ဖြင့် ရောင်းချပေးသွားမယ်လို့ သိရပါတယ်။
လတ်တလောမှာ အဲဒီအစီအစဥ်ကို နေပြည်တော်နဲ့ ရန်ကုန်တိုင်းမှာသာ ဆောင်ရွက်သွားမှာဖြစ်ပြီး ၊ ငွေကြိုတင်ပေးချေတဲ့ စနစ်အရ ဆန်ဖိုးငွေဝင်ရောက်ပြီး ငါးရက်အတွင်းမှာသာ အိမ်အရောက်ပို့ ဆောင်ပေးမှာ ဖြစ်ပါတယ်။
ဒါအပြင် ဧည့်မထ ၁၅ % အဆင့် (၂၄ ပြည် – ၁၀၈ ပေါင်) အိတ်ကြီး အိတ်ရေ (၁) သိန်းကိုလည်း ရေကြီး နစ်မြုပ်မှု ဖြစ်ပေါ်နေတဲ့ ဒေသတွေကို သွားရောက်ဖြန့်ဝေမယ့် ပရဟိတအဖွဲ့အစည်းနဲ့ အခြားသော လူမှု ရေးအဖွဲ့အစည်းအတွက် တစ်အိတ်ကို ၇၀,၀၀၀ ကျပ်နှုန်းဖြင့် ရောင်း ချပေးသွားမယ်လို့လည်း သိရပါတယ်။
” ဆန်စျေးက တနိုင်ငံလုံးတက်နေတာကို ရန်ကုန်မှာ ရောင်းပေးရုံနဲ့ ဘယ်လိုစျေးကွက်ထိန်းနိုင်မှာလဲ။ ပြီးတော့ အပြင်မှာ လာဝယ်ရင်လည်းရောင်းနိုင်ရမှာပေါ့။ အခုက အိမ်အရောက်ပို့ပြီး ငွေကြိုပေး ရမယ်ဆိုတော့ အခြေခံလူတန်းစားနဲ့ အောက်ခြေလူတန်းစားတွေက တနေ့လုပ်မှ တနေ့စားရတဲ့သူတွေ အတွက် မပါတော့ဘူး။ အရင်လည်း ဆန်တွေရောင်းခဲ့တာပါပဲ။ စျေးကျလို့လား။ မကျပဲ ထပ်တက်လာ တာပဲလေ။ အဓိက ဆန်စျေးတက်တာပဲ ကြည့်နေလို့မရဘူး။ ဆန်ဆိုတာ စပါးကဖြစ်တာ။ စပါးစျေး တက်မှလည်း တောင်သူတွေ အဆင်ပြေမှာ။ စားသုံး သူဘက်ပဲကြည့်ပြီး စပါးစိုက်တောင်သူဘက် မ ကြည့်ရင် ကြာလာရင် စပါစိုက်သူရှိမှာ မဟုတ်ဘူး။ အရှုံးကြီး ဖြစ်နေတာလေ။ “ လို့ ဆန်စပါးကုန်သည် တစ်ဦးက ပြောပါတယ်။
ဆန်စျေးနူန်းက ရန်ကုန်တိုင်း တခုတည်းမှာတင် မြင့်တက်နေတာမျိုးမဟုတ်ဘဲ တနိုင်ငံလုံးမှာ နေရာ ဒေသအလိုက် ဆန်အမျိုးအစားအား လုံး စျေးနူန်းမြင့်တက်နေတာ ဖြစ်တဲ့အတွက် MRF အနေနဲ့ ပြည်သူ တွေကို သင့်တင့်မျှတတဲ့ စျေးနဲ့ နေရာတိုင်းမှာ ကြိုက်တဲ့ဆန်အမျိုးအစားကို အလွယ်တကူ ဝယ်ယူနိုင် အောင် လုပ်ဆောင်ပေးနိုင်မှသာ ဆန်စျေးနှုန်း မြင့်တက်မှုကို တားဆီးနိုင်မှာ ဖြစ်တယ်လို့ ဆန်ကုန်သည် အသိုင်းအဝိုင်းက ဆိုပါတယ်။
MRF ကတော့ ပြည်တွင်းက ဆန်စက်၊ ကုမ္ပဏီတွေ နဲ့ ဆန်ကုန်သည်/ပွဲရုံ၊ လက်လီလက်ကား ဆန်အ ရောင်းဆိုင်များ အနေနဲ့ ပြည်သူလူတွေ သက်သာသော ဈေးနူန်း ဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် မိမိတို့ ပတ်ဝန်းကျင်အသီးသီးနှင့် သက်ဆိုင်ရာ ဒေသအသီးသီးမှာ ပစ္စည်းမှန်၊ ဈေးနှုန်းမှန်၊ အရည် အသွေးမှန်စွာဖြင့် ရောင်းချပေးဖို့ မေတ္တာရပ်ခံထားပါတယ်။
” ဆန်စျေးက ကျွန်တော်တို့က လုပ်နေတာ မဟုတ်ဘူး။ အခုဖြစ်နေတာက ကျွန်တော်တို့ပြန်ဝယ်ရတဲ့ စျေးကိုက မြင့်နေတာ။ လက်ထဲရှိတာတွေ စျေးထိန်းရောင်းပေးနေတာ။ ကိုယ်ကပြန်ဝယ်တဲ့အခါ စျေး တက်ဝယ်ရတာကို ဘယ်သူက လျှော့ရောင်းမှာလဲ။ ဆန်စျေးတွေက ဆက်တိုက်ကိုတက်နေတာ။ အခု လက် ထဲရှိတဲ့ဆန်ကုန်ရင် အဝယ်ခဏရပ်ဖို့အထိ တွေးထားတယ်။ စျေးတွေက မတန်တဆတွေ တက် နေတာ။ ဘယ်လိုမှထိန်းမရဘူး ဖြစ်နေတာ။ ” လို့ ဆန်လက်လီလက်ကား ရောင်းဝယ်ရေး လုပ်ကိုင်သူ တစ်ဦးက ပြောပါတယ်။
ယခုနှစ် နွေစပါးရာသီမှာ စပါး ထွက်ရှိမှုအပြင် ယခင်နှစ် မိုးစပါး ရာသီက ထွက်တဲ့ စပါးဟောင်း၊ ဆန် ဟောင်းတွေကိုပင် ကြိတ်ခွဲထုတ်လုပ်ကာ သိုလှောင်ဖြန့်ဖြူး ရောင်းချပေးနေဆဲဖြစ်ပြီး၊ အခုနှစ်ကုန်အ ထိ ပြည်တွင်းစားသုံးဖို့ လိုအပ်ချက်အလိုက် ထုတ်ရောင်းချပေးသွားမယ်လို့ MRF က ပြောဆိုထားပါတယ်။
ဒါပေမယ့် ခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နေရာဒေသအချို့မှာ ရေကြီးမှုကို အကြောင်းပြပြီး ဆန်ရောင်းချသူတွေက ဈေးနှုန်းမြှင့်တင်ရန် ရည်ရွယ်ချက်ရှိစွာနဲ့ လုပ်ဆောင်နေတာ ကြောင့် ဆန်စျေးကွက်တည်ငြိမ်ရေးလုပ်ဆောင်ဖို့ စီစဥ်ရတာဖြစ်တယ်လို့ သိရပါတယ်။
