September 10, 2026

ငါးသားပေါက် မွေးမြူရောင်းချသူများတွေ အရှုံးပေါ်လို့ လုပ်ငန်းလျော့ချ၊ ရပ်နားဖို့ ပြင်ဆင်လာ

The Farmer Times၊ စက်တင်ဘာလ ၄ ရက်၊ ၂၀၂၆။

ငါးသားပေါက် မွေးမြူရောင်းချတဲ့ လုပ်ငန်းရှင်တွေအနေနဲ့ အခုနှစ်မှာ ရောင်းအားထက်ဝက်နီးပါး ကျဆင်း ပြီး၊ အစာဈေးနှုန်း မြင့်တက်လာတာကြောင့် ကုန်ကျစရိတ် မမျှမတဖြစ်ပြီး အရှုံးပေါ်လို့ လုပ်ငန်းလျှော့ချ သူတွေနဲ့ ရပ်နားဖို့ ပြင်နေသူတွေ များလာတယ်လို့ ငါးသား ပေါက်မွေးမြူတဲ့ လုပ်ငန်းအသိုင်းအဝိုင်းက သတင်းရရှိပါတယ်။

ငါးသားပေါက်ဈေးနှုန်းက ပြီးခဲ့တဲ့နှစ်က ရောင်းချခဲ့ရတဲ့ ဈေးအတိုင်းသာ ရှိနေပေမယ့် သွင်းအားစုဖြစ်တဲ့ အစာဈေးနှုန်း၊ သယ်ယူပို့ဆောင်ရေးစရိတ်၊ လုပ်အားခအပါအဝင် အထွေထွေ ကုန်ကျစရိတ် အဆမတန် မြင့်တက်လာတာကြောင့် တွတ်ခြေမကိုက်တာလို့ ငါးမွေးမြူရေး လုပ်ငန်းရှင်တွေက ပြောပါတယ်။

‘’  ဒီနှစ်က နည်းတာပေါ့ ဈေးကွက်ကော၊ ရောင်းအားကော။ ငါးမြစ်ချင်းဆိုရင်တော့ ဈေးကွက်က မနှစ်က ဈေးကွက်နဲ့ သိပ်မကွာဘူး အတူတူလောက်ပါပဲ။ ဒါပေမယ့် ရောင်းအားကတော့ ၅၀ ရာခိုင် နှုန်းလောက် ကျသွားတယ်။ ငါးတန်၊ ငါးမုတ်ကျတော့ မနှစ်က ဈေးနဲ့ကို သားပေါက်ဈေးမှာဆိုရင် ၅၀ ရာခိုင်နှုန်းလောက် နည်းသွားတယ်။ ရောင်းအားလည်း တဝက်နီးနီး ကျသွားတယ်။ ရောင်းအား အဓိကကျတဲ့ ပြဿနာက တော့ အစာဈေးကြီးမြင့်မှုရယ်၊ ငါးကြီးသမားတွေ   ပြန်ရောင်းရတဲ့အခါမှာ ထုတ်ကုန်က အများကြီး နည်း တာရယ်ကြောင့်ပေါ့။ ငါးကြီးဈေးကတော့ သိပ်မကွာဘူး။ သားပေါက်ဈေးမှာ ငါးမြစ်ချင်းကတော့ မနှစ်က ဈေးနဲ့ အတူတူလောက်ပဲ။ လို့ ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်မှ ငါးသားပေါက်မွေးမြူရေး လုပ်ငန်းရှင် ကိုကြာပေါ်က ပြောပါတယ်။

လက်ရှိမှာ ငါးစာအဖြစ် အဓိကကျွေးတဲ့ ဖွဲနုဈေးနှုန်းက ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်က ဖွဲနု (ပေါင် ၆၀ ဝင်) တစ်အိတ် ကို ၈,၀၀၀ ကျပ်ကျော်သာ ရှိခဲ့ရာကနေ ၂၀၂၄ ခုနှစ်မှာ ၂၀,၀၀၀ ကျပ်၊ ၂၀၂၅ ခုနှစ်မှာ ၂၅,၀၀၀ မှ ၃၀,၀၀၀ ကျပ်၊ အခု ၂၀၂၆ ခုနှစ်မှာတော့ ကန်အရောက်သယ်ယူစရိတ်အပါ တစ်အိတ်ကို ၄၅,၀၀၀ ကျပ်အထိ မြင့် တက်လာတာ ဖြစ်ပါတယ်။

ငါးကြီးမွေးမြူသူတွေအနေနဲ့ ဖွဲနု တစ်အိတ် ၂၀,၀၀၀ ကျပ်ကာလက တစ်ရက်ကို ငါးအစာဖိုး ၄၀,၀၀၀ ကျပ် ခန့်ကုန်ကျပြီး၊ လက်ရှိအချိန်မှာ တစ်ရက် ငါးအစာဖိုးက ၈၅,၀၀၀ မှ ၉၀,၀၀၀ ကျပ်အထိ ကုန်ကျစရိတ် ရှိနေပြီး၊ ငါးတွေ ရောင်းတန်းဝင်ချိန်အထိ  ၅ လမှ ၁၀ လအထိ ကျွေးမွေးရတယ်လို့ ဆိုပါတယ်။

ကိုကြာပေါ်က “ မနှစ်ကတော့ ငါးသား ပေါက်တစ်ကောင်ကို ၅ လက်မ တစ်ကောင်ကို ၃၀၀၊ ၆ လက်မ တစ် ကောင်ကို ၅၀၀ အဲဒီဝန်းကျင်လောက် နောက်ဆုံး ဖြစ်သွားတယ်။ အခုလည်း အဲဒီဈေးတန်းပါပဲ။ ငါးတန်၊ ငါးမုတ် ဈေးမှာတော့ နည်းနည်း ကွာပါတယ်။ မနှစ်က ၅ လက်မ တစ်ကောင်ကို ၄၀၀ လောက်ထိ၊ ပုံမှန် ဖြစ်သင့်တာတော့ ၅ လက်မတစ်ကောင်ကို ၃၅၀ လောက် ဖြစ်သင့်တာပေါ့။ ဒါပေမယ့် လက်ရှိက ၅ လက်မ တစ်ကောင်ကို ကျွန်တော်တို့က ၂၀၀ လောက်ပဲ ရှိတယ်။ ၂၀၀ တောင် မပြည့်တဲ့နေရာတွေ မပြည့်ဘူး။ ဈေးကျတာ အဓိက ကန်ကြီးသမားတွေ အထည့်နည်းတာပေါ့။ ငါးကန်တွေမှာ အထည့်နည်းတော့ အဝယ် နည်းတဲ့ အခါကျတော့ ဈေးကွက်ကျတဲ့ ပုံစံမျိုး။ ကျွန်တော်တို့ မနှစ်က ငါးသားပေါက် မွေးထားတဲ့ စ္စာက ဒီချိန်ဆိုရင် ငါးကရောင်းအားက ကုန်လုနီးပါး ဖြစ်သွားပြီ။ ဈေးကွက်ကလည်း ကောင်းတယ်။ အရောင်းအ ဝယ်ကလည်း အကုန်ကုန်လုနီးပါး ဖြစ်သွားခဲ့တယ်ပေါ့။ ဒီနှစ်ကျတော့ ဈေးကွက်သိပ်မကောင်းဘူး။ အ ရောင်းအဝယ်က တဝက်လောက် ကျန်သေးတယ် လို့ ဆက်ပြောပါတယ်။

အစာဈေးနှုန်း အဆမတန် မြင့်တက်လာပေမယ့် ငါးဈေးနှုန်းက ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်က ငါးမြစ်ချင်း တစ် ပိဿာကို ၆,၀၀၀ မှ ၉,၀၀၀ ကျပ်၊ ငါးတန် တစ်ပိဿာ ၃,၅၀၀ မှ ၄,၅၀၀ ကျပ် ပေါက်စျေးရှိခဲ့ပြီး၊ ၂၀၂၅ ခုနှစ် မှာတော့ ငါးမြစ်ချင်းက တစ်ပိဿာ ၉,၅၀၀ မှ ၁၂,၀၀၀ ကျပ်၊ ငါးတန် (မွေး)က တစ်ပိဿာ ၇,၀၀၀ မှ ၉,၀၀၀ ကျပ် အသီးသီးပေါက်စျေးရှိခဲ့ပါတယ်။

လက်ရှိ ၂၀၂၆ ခုနှစ်မှာတော့ ငါးမြစ်ချင်းက တစ်ပိဿာ ၁၂,၀၀၀ မှ ၁၅,၀၀၀ ကျပ်၊ ငါးတန်(မွေး) က တစ် ပိဿာ ကျပ် ၇,၀၀၀ မှ ၁၀,၀၀၀ ကျပ်အထိသာ စျေးရှိနေတယ်လို့  ရန်ကုန်၊ ရွှေပိတောက်ငါးဈေးကွက်မှ ကုန်သည်တွေက ပြောပါတယ်။

“  ကျွန်တော်ဆို ကန် ဧက ၄၀ လောက်ရှိတယ်ပေါ့။ အလုပ်သမားခ အကုန်ဘာညာ ဆိုရင်တော့ ၁၅၀၀ လောက်တော့ ရှိပါတယ်။ သိန်း ၁၅၀၀ လောက်ရှိတယ်။ အရင်းအနှီး။ အခက်အခဲကတော့ ကိုယ့်ငွေနဲ့ ကိုယ်၊ ကိုယ့် ပိုက်ဆံနဲ့ကိုယ် စိုက်ထုတ်ပြီး မွေးထားတဲ့သူတွေကတော့ သိပ်ပြဿနာ မရှိဘူးပေါ့။ သူများငွေတွေနဲ့ အတိုးငွေတွေနဲ့ ယူမွေးထားတဲ့သူတွေအတွက်တော့ ပြဿနာ ရှိတာပေါ့ဗျာ။ အချိန်မီ မပေးနိုင်ရင်တော့ ပြန်ပေါ် မလာတဲ့ အခါကျတော့ အတိုးတွေ တက်တဲ့အခါကျတော့ တချို့ဆို ဆက်မလုပ်နိုင်တော့တာတို့ ဘာတို့ ရှိတာပေါ့။ ရှေ့ဆက်ပြီး ဒီပုံစံအတိုင်း ဆက်သွားရင်တော့ သူတို့ ပြိုလဲဖို့ပဲရှိတယ်။ ငါးမွေးမြူ ရေးရယ်လည်း မဟုတ်ပါဘူး လက်ရှိ ငါးတွေ၊ ကြက်ဝက် အကုန်တော်တော်များများ ဒီပုံစံအတိုင်း ရှေ့ဆက် သွားရင်တော့ အကုန်လုံး နည်းသွားဖို့ပဲရှိပါတယ်။ လို့ ငါးမွေးမြူရေးလုပ်ကိုင်သူ ကိုကြာပေါ်က ပြောပါ တယ်။

အစာဈေးနှုန်းမြင့်တက်လာပေမယ့် ငါးဈေးနှုန်း လိုက်ပါမြင့်တက်လာမှုမရှိလို့ ငါးမွေးမြူသူ လျော့ကျလာ ပြီး၊ ငါးမွေးမြူရေးလုပ်ငန်းကို ဆက်လက်လုပ်ကိုင်ဖို့ စွန့်စားမှုတစ်ရပ်လို ဖြစ်နေတာကြောင့် ငါးသားပေါက် ဈေးကွက်ရော၊ ငါးကြီးမွေးမြူမှုပါ ကျဆင်းလာတယ်လို့ ငါးမွေးမြူရေး လုပ်ကိုင်သူတွေက ဆိုပါတယ်။

ငါးမွေးမြူရေး သွင်းအားစု ကုန်ကျစရိတ်နဲ့ ငါးဈေး မမျှတတာတွေ ဆက်ဖြစ်နေမယ်ဆိုပါက ငါးမွေးမြူရေး လုပ်ငန်း တဟုန်ထိုး ကျဆင်းလာနိုင်ပြီး၊ လာမယ့်နှစ်တွေမှာလည်း ငါးမွေးမြူရေး လုပ်ငန်းကို စွန့်ခွာသူ ပို များလာနိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။

အဓိကကတော့ အစာဈေးကြီးမြင့်တာလည်း ပါသလို ထုတ်ကုန်ပေါ်မှာလည်း အစာဈေးနဲ့ မကိုက်တဲ့ ဈေးတန်းနဲ့ ပြန်ရောင်းနေရတာပေါ့။ အစာဈေးကြီးမြင့်တာအပြင် ထုတ်ကုန်ဈေးတန်းမြင့် လာရင် လည်း ကျွန်တော်တို့က ဆက်မွေးလို့ ရသေးတယ်။ ဒါပေမယ့် သူက အစာဈေးကျတော့ မြင့်တယ်။ ထုတ်ကုန် ဈေးကျတော့ ကုန်ကျထားတဲ့ ဈေးတန်းလောက်တောင် မရှိတဲ့အခါကျတော့ မွေးလို့ မကိုက်တော့ဘူးလေ။ ကျွန်တော် ခုနက ပြောတဲ့ အရင်းသိန်း ၁၅၀၀ ဆိုတာ ဧက ၄၀ ကိုဆိုတာ ပြီးခဲ့တဲ့နှစ်က အရင်း ၁၅၀၀ လို့ပြောတာ။ အခု လက်ရှိ ဖြစ်ပေါ်နေတဲ့ အလုပ်သမားဈေးစရိတ်၊ အစာဈေးစရိတ်တွေနဲ့ ဆိုရင် သိန်း ၁၅၀၀ နဲ့ မရနိုင်တော့ဘူး။ အနည်းဆုံး ၂၀၀၀ လောက် ဖြစ်သွားပြီ။ အစာဈေးတွေ ပြန်မကျဘူးဆိုရင်ပေါ့။ အဲဒီမှာမှ ထုတ်ကုန်ဈေးက ဒီဈေးတန်းပဲ ဒီထက်နိမ့်အုံးမယ် ဆိုရင် လာမယ့်နှစ်မှာ ဆက်မွေးဖို့ သေချာချင်မှ သေချာတော့မယ်။ အဲပုံစံတွေ ဖြစ်သွားလိမ့်မယ်။ ခေတ်ကာလဖြစ်သွားတဲ့ အနေအထားအတိုင်းပါပဲ။ ဆက်မွေးနိုင်တော့လည်း မွေး၊ မမွေးနိုင်တော့လည်း ကျွန်တော်တို့ ဝိတ်လျော့တာပေါ့။ ကန်ဝိတ်လျော့ တာသော်လည်းကောင်း၊ ငါးဝိတ်လျော့တာသော် လည်းကောင်း လုပ်တာပေါ့။ ကန်ဝိတ်ကတော့ မလျော့ ရင်တောင် ငါးဝိတ်ကတော့ လျော့ပြီ လာမယ့်နှစ်ကတော့ လို့ ငါးမွေးမြူရေးလုပ်ကိုင်သူ ကိုကြာပေါ်က ဆက်ပြောပါတယ်။

ငါးသားပေါက် မွေးမြူရောင်းချချိန်ဟာ နှစ်စဉ် ဇွန်လမှ ဩဂုတ်လကုန်အထိ ရောင်းအားအကောင်းဆုံး အချိန် ဖြစ်ပေမယ့် လက်ရှိ ဈေး ကွက်အရ အရင်နှစ်တွေနဲ့ ယှဉ်ပါက ၅၀ ရာခိုင်နှုန်းခန့် ကျဆင်းခဲ့တာကြောင့် ငါးကြီး အထိ ဆက်လက်မွေးမြူဖို့ စီစဉ်နေရတယ်လို့ ငါးသားပေါက် မွေးမြူသူတွေက ဆိုပါတယ်။

လတ်တလောမှာ ငါးမွေးမြူရေးကဏ္ဘအတွက် ချေးငွေထုတ်ပေးရာမှာလည်း သက်ဆိုင်ရာဌာနဆိုင်ရာ တာ ဝန်ရှိသူတွေနဲ့ ရင်းနှီးသူတွေကိုသာ ဦးစားပေး ထုတ်ချေးပေးနေတာဖြစ်ပြီး၊ တခြားလုပ်ငန်းရှင်တွေကို ပမာ ဏအနည်းငယ်မျှ (လုံးဝ)ထုတ်ချေးမပေးတာကြောင့် အမှန်တကယ် ငါးမွေးမြူရေး လုပ်ကိုင်နေသူတချို့က ပြင်ပအတိုးတွေနဲ့ လုပ်ငန်းလည်ပတ်နေကြရတယ်လို့ ရန်ကုန်တိုင်းဒေသကြီး၊ ခရမ်းမြို့နယ်ရှိ ငါးမွေးမြူရေး လုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed

Copyright © All rights reserved. | Newsphere by AF themes.