October 18, 2026

မြန်မာ့ဆန်မှာ ပိုးမွှားအသေနဲ့ ပိုးသတ်ဆေး အကြွင်းအကျန်တွေ့လို့ ပိုလန်နိုင်ငံက ရောင်းချခွင့် ပိတ်ပင်

The Farmer Times၊ စက်တင်ဘာလ ၁၁ ရက်၊ ၂၀၂၆။

မြန်မာနိုင်ငံမှ ပိုလန်နိုင်ငံကို  တင်ပို့ရောင်းချထားတဲ့ ဆန်တန်ချိန် ၂၅၀ မှာ ပိုးမွှားအသေနဲ့ ပိုးသတ်ဆေး အကြွင်းအကျန်တွေ တွေ့ရှိရတယ်ဆိုပြီး စျေးကွက်အတွင်း ရောင်းချခွင့်ကို  ပိုလန်နိုင်ငံရဲ့  စိုက်ပျိုးရေး နှင့် အစားအသောက် အရည်အသွေးစစ်ဆေးရေးအဖွဲ့ (IJHARS) က ပိတ်လိုက်ပါတယ်။

IJHARS အဖွဲ့အနေနဲ့ စက်တင်ဘာ ၁၀ ရက်နေ့က သူတို့ရဲ့ X လူမှုကွန်ရက်စာမျက်နှာကနေ ထုတ်ပြန်ခဲ့တာ ဖြစ်ပြီး၊ တွေ့ရှိရတဲ့ ပိုးမွှားအမျိုးအစားနဲ့ ဆန်တွေ  ဆိပ်ကမ်းကို ရောက်ရှိလာတဲ့အချိန်နဲ့ ပိုးမွှားအသေ တွေ့ရှိရတာကို စစ်ဆေးတွေ့ရှိချိန်ကို ဖော်ပြထားခြင်း မရှိပါဘူး။

ဒါအပြင် အခု ဆန်တန်ချိန် ၂၅၀ မှာ ပိုးမွှားအကြွင်းကျန် တွေ့ရှိတဲ့ကိစ္စနဲ့ ပတ်သက်ပြီး မြန်မာကနေ ဆန်တင်ပို့ခွင့်အပေါ် ဘယ်လိုအကျိုးသက်ရောက်မှု ရှိ၊ မရှိဆိုတာကိုလည်း မသိရသေးပါဘူး။

ကနဦးသိရတဲ့ သတင်းတွေအရတော့ အဲဒီဆန်တန် ၂၅၀ ဟာ ပိုလန်နိုင်ငံ ၊ ဂဒန်းစ်ခ်မြို့ (Gdansk)မြို့ ဆိပ် ကမ်းကို  ဆန်သင်္ဘောဆိုက်ကပ်ပြီးချိန်မှာ စစ်ဆေးတွေ့ရှိရတာမျိုး မဟုတ်ဘဲ  ဈေးကွက်ထဲမှာ တွေ့ရှိရ ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်-MRF ရဲ့ တာဝန်ရှိသူကတော့ အဲဒီကိစ္စနဲ့ ပတ်သက်လို့  သေချာလေ့လာ စုံစမ်းပြီး သတင်းထုတ်ပြန်ပေးသွားမယ်လို့ ပြောပါတယ်။

” မြန်မာဆန်က ဒါနဲ့ဆိုရင် နှစ်ခါရှိပြီ။ စိုက်ပျိုးရေးဌာန ( ပိုးမွှားကင်းစင် ) နဲ့ MRF မှာ   တာဝန်တွေ ရှိကုန် ပြီ။ အခုက ဆန်တွေကို သူတို့စျေးကွက်ထဲမှာ ရောင်းချခွင့် ပိတ်လိုက်တာကိုပဲ ကြေငြာတာ။ မြန်မာ ဆန်တင်ပို့ခွင့်နဲ့ ပတ်သက်လို့တော့ ဘာမှမသိရသေးဘူး။ MRF ဘက်ကလည်း စုံစမ်းနေတုန်းပဲဆိုတော့ သေချာမပြောနိုင်ဘူး။ ပိုလန်က လစဥ်ဆန်တင်ပို့တဲ့ နိုင်ငံတွေထဲ အမြဲပါတယ်။ ” လို့ ဆန်လုပ်ငန်းရှင် တစ်ဦးက ပြောပါတယ်။

မြန်မာနိုင်ငံကနေ ပြည်ပကို ဆန်တင်ပို့တဲ့ နိုင်ငံတွေထဲမှာ ပိုလန်နိုင်ငံဟာ လစဥ်ဆန်ဝယ်ယူမှု အများဆုံး နိုင်ငံ ၁၀ ခုစာရင်းမှာ ပါဝင်ပြီး၊ အခု ၂၀၂၆ – ၂၀၂၇ ဘဏ္ဍာနှစ်ရဲ့ ဧပြီကနေ ဩဂုတ်လအတွင်းမှာဆိုရင်  ဆန်တန်ချိန် ၃၀,၀၀၀ ​ကျော် ဝယ်ယူမှုရှိခဲ့တယ်လို့ MRF ရဲ့ စာရင်းတွေအရ သိရပါတယ်။

ဒါအပြင် ပြီးခဲတဲ့ ၂၀၂၅ -၂၆ ဘဏ္ဍာနှစ်မှာလည်း  ပိုလန်နိုင်ငံဟာ မြန်မာ့ဆန် တန်ချိန် ၅၇,၈၉၉ ခန့်ကို ဝယ် ယူခဲ့တယ်လို့ MRF စာရင်းတွေမှာ ဖော်ပြထားပါတယ်။

အလားတူ လွန်ခဲ့တဲ့ ၅ နှစ်ဝန်းကျင်လောက်ကလည်း တောင်အာဖရိကကို တင်ပို့ခဲ့တဲ့ မြန်မာ့ဆန်တွေ စိုထိုင်းဆများပြီး ခဲကုန်တဲ့အတွက် အန္တရာယ်ရှိတဲ့ မြန်မာ့ဆန်အဖြစ် ကြေငြာခံခဲ့ရဖူးပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Copyright © All rights reserved. | Newsphere by AF themes.