အင်ဒိုနီးရှားနိုင်ငံက အမေရိကန်ပဲပုပ် တန်ချိန် ၃ သိန်းခွဲခန့် ဝယ်ယူတင်သွင်း
The Farmer Times၊ စက်တင်ဘာလ ၁၅ ရက်၊ ၂၀၂၆။
အင်ဒိုနီးရှားနိုင်ငံ အနေနဲ့ ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၁ ရက်မှ ၂၀၂၆ ခုနှစ် သြဂုတ်လ ၃၁ ရက်အတွင်း အမေရိကန်ပဲပုပ် မက်ထရစ်တန်ချိန် ၃၄၈,၀၀၀ ခန့် တင်သွင်းခဲ့တယ်လို့ ပဲပုပ်တင်ပို့မှုကောင်စီ (USSEC) က ပြောပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက ကျင်းပပြုလုပ်ခဲ့တဲ့ အင်ဒိုနီးရှားနိုင်ငံရဲ့ အစားအစာ၊ တိရစ္ဆာန်အစာနှင့် ရေနေသတ္တဝါ မွေးမြူရေးကဏ္ဍများကို အ ထောက်အကူပြုနေတဲ့ အမေရိကန်ပဲပုပ်နှင့် အင်ဒိုနီးရှားနိုင်ငံတို့ရဲ့ နှစ်ပေါင်း (၄၅) ပြည့် မိတ်ဖက်ဆက်ဆံရေး နှစ်ပတ်လည်နေ့မှာ အမေရိကန် ပဲပုပ်တင်ပို့မှုကောင်စီ (USSEC) က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံဟာ ဆယ်စုနှစ်များစွာအတွင်း အမေရိကန်ပဲပုပ်အတွက် အဓိကကျတဲ့ ဈေးကွက်တစ်ခု ဖြစ်လာခဲ့ပြီး တစ်ကမ္ဘာလုံးမှာ အမေရိကန်ပဲပုပ်စေ့ အများဆုံးတင်သွင်းတဲ့ နိုင်ငံတစ်နိုင်ငံအဖြစ် ရပ်တည်လျက်ရှိပါတယ်။
အမေရိကန်အနေနဲ့ ပဲပုပ်ကဏ္ဍမြှင့်တင်ရေးအတွက် အင်ဒိုနီးရှားနိုင်ငံ အစိုးရ၊ စက်မှုလုပ်ငန်း မိတ်ဖက်များ၊ ဖောက်သည်များအကြား ပူး ပေါင်းဆောင်ရွက်နေပြီး၊ စားနပ်ရိက္ခာ ဖူလုံရေး၊ ရေရှည်တည်တံ့ခိုင်မြဲရေးနဲ့ ရေရှည်ဈေးကွက် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဆက်လက်လုပ် ဆောင်သွားမယ်လို့ ပြောဆိုထားပါတယ်။
လွန်ခဲ့သော နှစ်ပေါင်း (၄၅) နှစ်အတွင်း အမေရိကန်ပဲပုပ်ကို အင်ဒိုနီးရှားနိုင်ငံမှာ အရည်အသွေးပိုင်းဆိုင် ရာ ပူးပေါင်းအောင်မြင်မှုတို့နဲ့ တည်ဆောက်ထားတဲ့ မိတ်ဖက်ဆက်ဆံရေးကို တည်ဆောက်နိုင်ခဲ့တာ ဖြစ်ပြီး၊ လက်ရှိ အင်ဒိုနီးရှားနိုင်ငံမှာ တင်သွင်းအသုံးပြုနေတဲ့ ပဲပုပ်တွေရဲ့ ၉၀ ရာခိုင်နှုန်းနီးပါးဟာ အမေ ရိကန်ပဲပုပ်များ ဖြစ်ကြပြီး၊ ပဲပုတ်အများစုကို ရိုးရာပဲပုပ်စားသောက်ကုန်တွေအဖြစ် ပြုပြင်ထုတ်လုပ် ကြတာ ဖြစ်ပါတယ်။
USSEC ၏ အရှေ့အာရှဆိုင်ရာ အမှုဆောင်ဒါရိုက်တာ Carlos Salinas က ‘’အင်ဒိုနီးရှားနိုင်ငံဟာ ဆယ်စုနှစ် များစွာကြာ တိုးတက်မှုတွေနဲ့ အပြန်အလှန် ယုံကြည်ကိုးစားမှုတွေကြောင့် အရှေ့တောင်အာရှမှာရှိတဲ့ အမေရိကန်ပဲပုပ်အတွက် အဓိက မိတ်ဖက်နိုင်ငံတစ်ခု ဖြစ်လာခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၄၅ နှစ်တုန်းကစပြီး တီထွင်ဆန်းသစ်မှု၊ နည်းပညာဆိုင်ရာ ကျွမ်းကျင်မှုနဲ့ ရေရှည်တည်တံ့တဲ့ တိုးတက်မှုတွေကနေတဆင့် အင်ဒိုနီးရှားနိုင်ငံရဲ့ ပြောင်းလဲလာတဲ့ အစားအစာနဲ့ တိရစ္ဆာန်အစာ ထုတ်လုပ်ရေးလုပ်ငန်းတွေကို ပံ့ပိုးပေးနိုင်ဖို့ အင်ဒိုနီးရှားဖောက်သည်တွေနဲ့ စက်မှုလုပ်ငန်း မိတ်ဖက်တွေနဲ့အတူ လက်တွဲပြီး နီးနီးကပ် ကပ် လုပ်ဆောင်ခဲ့ပါတယ်’’ လို့ ပြောကြားခဲ့ပါတယ်။
လက်ရှိမှာ အင်ဒိုနီးရှားနိုင်ငံဟာ တိရစ္ဆာန်အစာအတွက် ပဲပုပ်ဖွဲနို့ (Soybean Meal) ကို တစ်နှစ်အတွင်း မက်ထရစ်တန်ချိန် ၆ သန်းခန့် တင်သွင်းနေရပြီး၊ ၂၀၃၅ ခုနှစ်မှာ ၂၉ ရာခိုင်နှုန်းအထိ တိုးတက်လာမယ်လို့ ခန့်မှန်းထားပါတယ်။
ငါးမွေးမြူရေးအစာတွေမှာ ပဲပုပ်အသုံးပြုမှုကလည်း ၂၀၃၅ ခုနှစ်မှာ ၇၁ ရာခိုင်နှုန်းအထိ မြင့်တက်လာ မယ်လို့ ခန့်မှန်းထားရာ၊ နောက်ဆက် တွဲအနေနဲ့ အင်ဒိုနီးရှားရဲ့ ရေထွက်ပစ္စည်း ထုတ်လုပ်မှု ဆက်လက် တိုးချဲ့လာမှုနဲ့အတူ အရည်အသွေးမြင့် ပရိုတိန်းပါဝင်မှုများတဲ့ ရေထွက်ကုန်ထုတ်လုပ်မှုကို တိုးတက်လာစေမယ်လို့ ဆိုပါတယ်။
အင်ဒိုနီးရှားရဲ့ အစားအစာနဲ့ တိရစ္ဆာန်အစာ ထုတ်လုပ်ရေးလုပ်ငန်းတွေ ဆက်လက်ကြီးထွားလာမှုနဲ့ အတူ အမေရိကန်ပဲပုပ်အနေနဲ့ ပူး ပေါင်းဆောင်ရွက်မှုကို ပိုမိုနက်ရှိုင်းပြီး ရေရှည်တည်တံ့တဲ့ ထုတ်လုပ် မှုကို မြှင့်တင်နိုင်ဖို့နဲ့ ထုတ်လုပ်သူတွေနဲ့ စားသုံးသူအားလုံးအတွက် အကျိုးရှိစေမယ့် ထောက်ပံ့ရေး ကွင်းဆက်တွေကို ဆက်လက်ပံ့ပိုးတည်ဆောက်သွားမယ်လို့ USSEC က ကတိပြု ပြောဆိုထားပါတယ်။
USSEC ဟာ အင်ဒိုနီးရှားရဲ့ စားနပ်ရိက္ခာဖူလုံရေးနဲ့ ရေရှည်စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဆန်းသစ်တီထွင်မှုကို မွေးထုတ်ပေးဖို့ အပါအဝင် နည်းပညာဖလှယ်မှုကို တိုးချဲ့ဖို့နဲ့ အခွင့်အလမ်းသစ် တွေ ဖန်တီးပေးနိုင်ဖို့အတွက် အစိုးရဌာနဆိုင်ရာ၊ စက်မှုလုပ်ငန်းမိတ်ဖက်၊ စားသုံးသူတွေနဲ့အတူ ဆက် လက်ရပ်တည် လုပ်ဆောင်သွားမယ်လို့ ပြောဆိုထားပါတယ်။
REF: PR Newswire
