October 18, 2026

လောင်းလုံးမြို့နယ်မှာ ရေကြီး၊ တောင်ပြို၊ မြေပြိုမှုကြောင့် ရော်ဘာနဲ့ ကွမ်းသီးပင်ခြံဧက သောင်းနဲ့ချီ ထိခိုက်ပျက်စီး

The Farmer Times၊ အောက်တိုဘာလ ၆ ရက်၊ ၂၀၂၆။

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ ရေကြီး၊ တောင်ပြို၊ မြေပြိုမှုများကြောင့် ဒေသခံတွေ စိုက်ပျိုးထားတဲ့ ရော်ဘာခြံတွေနဲ့ ကွမ်းသီးပင်ခြံတွေ ဧကသောင်းနဲ့ချီပြီး ထိခိုက်ပျက်စီးမှုတွေ ဖြစ်ပေါ် နေတယ်လို့ ဒေသခံတွေထံက သတင်းရရှိပါတယ်။

ဒါအပြင် ပင်လယ်ကမ်းနီး နေထိုင်ကြသူတွေနဲ့ တံငါလုပ်ငန်းလုပ်ကိုင်သူတွေရဲ့ ငါးဖမ်းစက်လှေတွေ လည်း ထိခိုက်ပျက်စီးမှု ရှိခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

လောင်းလုံးမြို့နယ်ထဲက တီဇစ်ကျေးရွာအုပ်စု တစ်ခုတည်းမှာတင် ရေကြီး၊ မြေပြိုမှုကြောင့် ရော်ဘာနဲ့ ကွမ်းသီးပင်စိုက်ဧက ၅၀၀ လောက် ပျက်စီးဆုံးရှုံးခဲ့ပြီး၊ ငါးဖမ်းစက်လှေအစီး ၅၀ လောက်လည်း ပျက် စီးခဲ့တယ်လို့ သိရပါတယ်။

” တီဇစ်အုပ်စု တခုတည်းတောင် ဧက ၅၀၀ လောက် ပျက်စီးမှုရှိတယ်။ တောင်ကြော တကြောလုံးဆိုရင် ပျက်စီးတဲ့ ဥယျာဥ်ခြံမြေ ဧကဘယ်နည်းမလဲ။ ရော်ဘာပင်တွေလည်း ဘာမှကိုမကျန်တော့တာ၊ ကွမ်း သီးပင်တွေလည်း အဲဒီလိုပဲ။ အခုက တောင်ပြိုတာဆိုတော့ အကုန်မြေကြီးတွေပိ တိုက်စား ပျက်စီး ကုန်တာ။ တချို့ခြံတွေကျလည်း ဘယ်လိုမှကိုသွားလို့ မရတော့ဘူး။ ပြန်ပြီး ပြုပြင်စိုက်ပျိုးဖို့လည်း အဆင်မပြေတော့ဘူး၊ ဆုံးရှုံးမှုကြီးတာပေါ့။ ” လို့ မြေပြိုမှုဒဏ် ခံစားခဲ့ရတဲ့ တီဇစ်ရွာဒေသခံက ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၅ ရက်နေ့မှာ ရွာသွန်းခဲ့တဲ့မိုးကြောင့် တောင်ကျရေတွေများပြီး၊ မြေသားအိကျ ကာ တောင်ပြိုမှုဖြစ်ပွားခဲ့တဲ့အတွက် လယ်ယာ၊ ဥယျာဥ်ခြံမြေ ဧရိယာ အများအပြားမှာ မြေကြီးတွေ ဖုံးလွှမ်းသွားပြီး အပင်တွေ ပျက်စီးသွားတဲ့ အခြေအနေတွေ ဖြစ်ပေါ်နေတာ ဖြစ်ပါတယ်။

လောင်းလုံးမြို့နယ်မှာ စပါး အပါအဝင် အခြားသီးနှံတချို့ကို စိုက်ပျိုးမှုရှိပေမယ့် အဲဒီသီးနှံတွေက ထိခိုက် ပျက်စီးမှု နည်းပါးပြီး၊ ရော်ဘာနဲ့ ကွမ်းသီးခြံတွေက ပျက်စီးမှုအများဆုံးရှိခဲ့တာ ဖြစ်တယ်လို့ ဒေသခံ တွေက ပြောပါတယ်။

” စပါးလည်းစိုက်တယ်။ စပါးက ကျတော့ ရေမြုပ်တာလောက်ပဲ ရှိခဲ့တာ။ ရေပြန်ကျသွားတာ မြန် တော့ ပျက်စီးမှုနည်းပါတယ်။ ရော်ဘာခင်းနဲ့ ကွမ်းသီးခြံတွေသာ တော်တော်ပျက်ကုန်တာ။ အဲဒါတွေ က တောင်ပြိုတော့ ပျက်စီးမှုများသွားတာ၊ ဒီဘက်ကလူတွေက ဒီဥယျာဥ်ခြံလုပ်ငန်းကိုပဲ အဓိကလုပ် ကြတာ။ နောက်ပြီး ငါးဖမ်းကြတယ်။ အခုအဲဒါတွေရော အိမ်တွေရော ပျက်စီးသွားတော့ အကုန်ဒုက္ခ ရောက်တာပေါ့။ ” လို့ မြေပြိုမှုဒဏ်ကို ခံခဲ့ရတဲ့ ကဒက်ငယ်ထိန်ရွာမှ ဦးမောင်လေးက ပြောပါတယ်။

လောင်းလုံးမြို့နယ်မှာ ရေကြီး၊ မြေပြိုမှုကြောင့် ဒေသခံ ၃၁ ယောက်ခန့် သေဆုံးမှုရှိခဲ့ပြီး၊ လူနေအိမ် ပေါင်း ရာနဲ့ချီကာ မြေသားဖုံးလွှမ်းမှုအောက် ရောက်သွားခဲ့သလို၊ ပြိုကျပျက်စီးသွားတာ၊ နေထိုင်မရ အောင် ယိုင်လဲသွားတာတွေလည်း ဖြစ်ပေါ်နေပါတယ်။

လက်ရှိချိန်ထိ စစ်အစိုးရဘက်က လောင်းလုံးမြို့နယ်မှာ ကူညီကယ်ဆယ်ရေးကို ထိထိရောက်ရောက် မလုပ်နိုင်သေးတာကြောင့် ပျောက်ဆုံးနေသူ အများအပြားရှိနေပြီး၊ စားနက်ရိက္ခာ၊ သောက်ရေသန့်၊ အ မိုးအကာနဲ့ ဆေးဝါးအကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

ဒါ့အပြင် လောင်းလုံးမြို့နယ်က ရေကြီး၊ မြေပြိုမှုအတွင်း ကျေးရွာပေါင်း ၃၀ ထက်မနည်း ဆိုးဆိုးရွားရွား ထိခိုက်ခံစားခဲ့ရတာကြောင့် ပြန် လည်ထူထောင်ရေးအပိုင်းအတွက် အကူအညီ အထောက်အပံ့တွေ လို အပ်နေတာကြောင့် ကူညီပေးကြဖို့ ဒေသခံတွေက တောင်းဆိုထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Copyright © All rights reserved. | Newsphere by AF themes.