October 18, 2026

မတ်ပဲ FAQ/FOB စျေးတက်လာပေမယ့် ကုန်သည်တွေရဲ့ စျေးနှိမ်ဝယ်ယူမှုကို ခံနေရဟု တောင်သူများ ဝေဖန်

The Farmer Times၊ အောက်တိုဘာလ ၈ ရက်၊ ၂၀၂၆။

ရန်ကုန်၊ မန္တလေး ကုန်စည်ဒိုင်ကြီးတွေနဲ့ ပြည်ပပဲစျေးကွက်မှာ မတ်ပဲ (FAQ/ FOB) စျေးနှုန်းများ မြင့် တက်လာပေမယ့် ဧရာ၀တီတိုင်းက မြို့နယ်များ အပါအဝင် မုံရွာ၊ မြင်းခြံ၊ ပခုက္ကူစတဲ့ နယ်ဒေသ တွေမှာတော့ သယ်ယူပို့ဆောင်ရေး ခက်ခဲမှုနဲ့ ကုန်သည်တွေရဲ့ စျေးနှိမ်ဝယ်ယူမှုကြောင့် စျေးအဆမတန် ကွာဟမှုတွေ ဖြစ်ပေါ်နေတယ်လို့ မတ်ပဲစိုက်တောင်သူတွေနဲ့ လှောင်သမား ကုန်သည်ငယ်တွေက ဝေဖန်ပြောဆိုနေကြပါတယ်။

လက်ရှိ စျေးကွက်ထဲမှာ ဖြစ်ပေါ်နေတဲ့ မတ်ပဲ (FAQ/RC) တစ်တန် ပေါက်စျေးအရဆိုရင် နယ်ဒေသတွေ မှာ မတ်ပဲ (ပိဿာ ၂၀ ဝင်) တစ်တင်းကို ၁၂၀,၀၀၀ ကျပ်အထက်မှာ ရှိရမှာဖြစ်ပေမယ့်၊ မြေပြင်နယ်စျေး ကွက်မှာ တစ်တင်းကို ၁၁၄,၅၀၀ ကျပ်ဝန်းကျင်သာ ရရှိနေတာ ဖြစ်ပါတယ်။

ရန်ကုန်၊ ဘုရင့်နောင်ကုန်စည်ဒိုင်က ကုန်သည်တွေဟာ မတ်ပဲ(RAW) စျေးကို (FAQ/ FOB) စျေးနဲ့ ကွာဟ ပြီး စျေးဖွင့်နေတာကြောင့် နယ်မတ်ပဲစျေးက ရသင့်ရထိုက်တဲ့ ပမာထက် တစ်တင်းကို အနိမ့်ဆုံး ၆,၀၀၀ ကျပ်လောက်ကွာဟနေတဲ့အတွက် တောင်သူတွေ နစ်နာမှုရှိနေတယ်လို့ ဆိုကြပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၅ ရက်နေ့က ရန်ကုန်၊ ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲ(FAQ/RC) တစ်တန်ကို ၃,၆၈၀,၀၀၀ ကျပ်စျေးရှိခဲ့ပြီး၊ အောက်တိုဘာ ၆ ရက်နေ့မှာ မတ်ပဲ(FAQ/RC) တစ်တန်ကို ၃,၆၃၁,၀၀၀ ကျပ်ထိ စျေးတန်းရှိခဲ့ပါတယ်။ အောက်တိုဘာ ၇ ရက်နေ့မှာတော့ မတ်ပဲ (FAQ/RC) တစ်တန်ကို ၃,၆၆၀,၀၀၀ ကျပ်ထိ စျေးတန်းရှိခဲ့ပါတယ်။

အလားတူ မတ်ပဲ FOB စျေးလည်းမြင့်တက်လာပြီး၊ အောက်တိုဘာ ၆ ရက်နေ့က စျေးကွက်ထဲမှာ မတ်ပဲ (FOB) တစ်တန်ကို အမေရိကန်ဒေါ်လာ ၈၇၀ မှ ၈၈၀ ကျပ်ထိ ပေါက်စျေးရှိလာပါတယ်။

” အမှန်ဆိုရင် အခုဖြစ်တဲ့ FAQ စျေးအရဆိုရင် နယ်မတ်ပဲစျေးက ၁၂၀,၀၀၀ အထက်ရှိရမှာပါ။ ဒါပေ မယ့် အခုက FAQ နဲ့ RAW စျေးကို ကွာပြီးဖွင့်တော့ ရှိသင့်တာထက် လျော့နေတာ။ စျေးကစားနေကြ တာပေါ့။ အဲဒါကို ကျွန်တော်တို့ ပွဲရုံတွေက စျေးနှိမ်တယ် အထင်မှားနေကြတာ။ တကယ်တော့ ပွဲရုံတွေ ကြားခံရှိနေလို့ ဒီစျေးလောက်ကို ရနေတာ။ အဓိက ရန်ကုန်က ကုန်သည်တွေ စျေးကစားတာပဲ။ ” လို့ ဧရာဝတီတိုင်း၊ ပုသိမ်မြို့က ပဲမျိုးစုံနှင့် သီးနှံပွဲရုံပိုင်ရှင်တစ်ဦးက ပြောပါတယ် ။

ပြီးခဲ့တဲ့ ဇူလိုင်လ ၁၅ ရက်က မတ်ပဲ(FAQ/RC) စျေးဟာ တစ်တန်ကို ၄,၆၀၄,၀၀၀ ကျပ်အထိ စံချိန်တင် မြင့်တက်ခဲ့သလို၊ နယ်စျေးကွက်မှာလည်း မတ်ပဲ(ပိဿာ ၂၀ ဝင်) တစ်တင်းကို ၁၁၅,၀၀၀ ကျပ်အထိ စျေးရရှိခဲ့ပါတယ်။

လက်ရှိ မတ်ပဲ တစ်တန်ကို ၃,၆၈၀,၀၀၀ ကျပ်အထိစံချိန်တင် ထပ်မံမြင့်တက်လာပေမယ့်၊ နယ်စျေး ကွက်မှာတော့ မတ်ပဲ(ပိဿာ ၂၀ ဝင်) တစ်တင်းကို ၁၁၄,၅၀၀ ကျပ်လောက်နဲ့သာ စျေးဖွင့်ဝယ်ယူနေတာ ဖြစ်ပါတယ်။

လတ်တလောမှာ မတ်ပဲစျေး အတက်ဘက်ကို ပြန်ရောက်လာပေမယ့် ပြည်တွင်းမှာ မတ်ပဲလက်ကျန် နည်းပါးပြီး၊ တောင်သူတွေထံမှာလည်း ပဲလက်ကျန် မရှိသလောက် နည်းပါးနေတာကြောင့် အရောင်း အဝယ်ကတော့ ပါးနေတယ်လို့ ကုန်သည်တွေက ပြောပါတယ်။

” အရောင်းအဝယ် မဖြစ်တဲ့နေ့တွေတောင် ရှိတယ်။ မတ်ပဲက အခုနှစ် လက်ကျန်သိပ်မရှိတော့ဘူး။ ပုံမှန်ဆိုရင် နောက်နှစ် ၂၀၂၇ ခုနှစ်၊ နှစ်ပတ်လည်လောက်အထိပဲ ထားကြတာ။ အခုနှစ်ကတော့ ပဲရှား တာကြောင့် ဒီနှစ်တောင် မကုန်သေးဘူး လက်ကျန်အရမ်းနည်းနေတယ်။ မတ်ပဲစျေးကွက်က ကုန်သည် တွေ ဖိထားတော့ စျေးကထင်သလောက် မမြောက်လာဘူး ဖြစ်နေတယ်။ ” လို့ ပြည်မြို့နယ်က ပဲကုန် သည်တစ်ဦးက ပြောပါတယ်။

လတ်တလောမှာ မတ်ပဲ သိုလှောင်ထားတဲ့ တောင်သူတွေကလည်း စျေးထပ်မံမြင့်တက်လာမှာကို စောင့် ဆိုင်းနေကြသလို၊ တချို့ကလည်း မျိုးစျေးနဲ့ ထုတ်ရောင်းချဖို့ စီစဥ်နေကြတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဆောင်းမတ်ပဲရာသီအတွင်း မတ်ပဲစိုက်ဧက လျော့ကျခဲ့သလို၊ အထွက်နူန်းကလည်း သိသိသာ သာ လျော့ကျခဲ့တာကြောင့် ပဲလက်ကျန် နည်းပါးလာတာ ဖြစ်ပါတယ်။

အခုနှစ် ဆောင်းမတ်ပဲကိုတော့ အောက်တိုဘာလကုန်အတွင်း စတင်စိုက်ပျိုးကြမှာဖြစ်ပြီး နိုဝင်ဘာလ ကုန်လောက်မှာ စိုက်ပျိုးမှု ပြီးစီးနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Copyright © All rights reserved. | Newsphere by AF themes.