မတ်ပဲနဲ့ ကြက်သွန် စျေးကျဆင်းနေပြီး၊ မြေပဲနဲ့ နှမ်းစျေး ဆက်တိုက်မြင့်တက်လာ
The Farmer Times၊ ရန်ကုန် ၊ အောက်တိုဘာ ၁၉၊ ၂၀၂၆
အောက်တိုဘာ ၈ ရက်ကနေ အောက်တိုဘာ ၁၆ ရက်နေ့(သောကြာ)အထိ စျေးကွက်အတွင်း အတက် အကျ အနိမ့်အမြင့် ဖြစ်သွားတဲ့ လယ် ယာထွက်ကုန် သီးနှံဈေးနှုန်းများ ဖြစ်ပါတယ်။
ရန်ကုန်၊ ဘုရင်နောင်ကုန်စည်ဒိုင်မှာ ပြည်ပပို့ကုန် ပဲအမျိုးအစားတွေဖြစ်တဲ့ ပဲစဥ်းငုံက စျေးထပ်တက် လာပြီး၊ မတ်ပဲက စျေးပြန်အေးပါတယ်။ ပဲတီစိမ်း အမျိုးအစားအားလုံး စျေးငြိမ်နေပါတယ်။ မြေပဲနဲ့ နှမ်းစျေးက ထပ်တက်လာပြီး၊ ပဲဆီနှမ်းဆီစျေးကလည်း ထပ်တက်ပါတယ်။ ကြက်သွန်က အခုတပတ် စျေးပြန်ကျပါတယ်။
မတ်ပဲ၊ ပဲစင်းငုံ၊ ပဲတီစိမ်း
ပြည်တွင်းမတ်ပဲစျေးက ပြန်ကျသွားတယ် ဆိုပေမယ့်၊ အိန္ဒိယမှာ ပွဲတော်ကျင်းပဖို့ နီးကပ်လာမှု အယ်လ် နီညိုကြောင့် ပဲအထွက်နူန်း လျော့ ကျနိုင်တဲ့ အခြေအနေကြောင့် စျေးမာနိုင်တယ်လို့ ကုန်သည်တွေက ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၈ ရက်နေ့က ရန်ကုန်၊ ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲ (FAQ) တစ်တန်ကို ၃,၇၁၆,၀၀၀ ကျပ်စျေးရှိပြီး၊ အောက်တို ဘာ ၁၆ ရက်မှာတော့ တစ်တန်ကို ၃,၇၂၄,၀၀၀ ကျပ်စျေးရှိခဲ့ ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၀ ရက်နေ့ကတော့ စျေးကွက်ထဲမှာ မတ် ပဲ (FAQ) က တစ်တန်ကို ၃၈ သိန်းကျော်ထိ ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။
အလားတူ အောက်တိုဘာ ၈ ရက်နေ့က ပဲစင်းငုံ (RC) တစ်တန်ကို ၃,၉၃၃,၀၀၀ ကျပ်အထိရှိပြီး၊ အောက်တိုဘာ ၁၆ ရက်မှာတော့ တစ်တန်ကို ၄,၀၂၀,၀၀၀ ကျပ် စျေးရှိခဲ့ပါတယ်။
ပဲတီစိမ်း(ခရမ်းရွှေဝါ) နဲ့ ပဲခူးရွှေဝါကတော့ အောက်တိုဘာ ၁၆ ရက်နေ့မှာ တစ်ပိဿာကို ၅,၅၀၀ ကျပ်ရှိ ပြီး၊ ပဲတီစိမ်း(အညာ)ကတော့ ၄,၀၀၀ မှ ၄,၀၂၀ ကျပ်နဲ့ ဝါးခယ်မက ၄,၅၀၀ မှ ၄,၅၂၀ ကျပ် အသီးသီး ပေါက်စျေးရှိနေပါတယ်။
မြေပဲ
မြေပဲကတော့ အခုတပတ်မှာ စျေးထပ်တက်ပြန်ပါတယ်။ အရည်အသွေးကောင်းတဲ့ ပဲဆံရှား၊ အဝင် နည်းပြီး၊ ဆီစက်ပိုင်တွေနဲ့ လုပ်ငန်းသုံးသမားတွေ အဝယ်လိုက်လို့ စျေးထပ်တက်လာပါတယ်။
အရင်တပတ် အောက်တိုဘာ ၈ ရက်နေ့က မြေပဲ(S1 လုံးဆံ) တစ်ပိဿာကို ၁၂,၈၀၀ မှ ၁၃,၁၀၀ ကျပ်၊ မြေပဲ(S1 ဆီဆံ)က တစ်ပိဿာကို ၁၁,၅၀၀ မှ ၁၂,၈၀၀ ကျပ်၊ အနီလုံးဆံက တစ်ပိဿာကို ၁၃,၀၀၀ မှ ၁၃,၂၀၀ ကျပ် အသီးသီးပေါက်စျေးရှိခဲ့ပါတယ်။
အောက်တိုဘာ ၁၆ ရက်နေ့မှာတော့ S1လုံးဆံ တစ်ပိဿာကို ၁၂,၈၀၀ မှ ၁၃,၅၀၀ ကျပ်၊ S1 ဆီဆံက ၁၁,၅၀၀ မှ ၁၂,၈၀၀ ကျပ်၊ အနီလုံးဆံ က ၁၃,၀၀၀ မှ ၁၃,၅၀၀ ကျပ် အသီးသီး ပေါက်စျေးရှိခဲ့ပါတယ်။
နှမ်းရောင်စုံ
နှမ်းရောင်စုံကလည်း စျေးကွက်ထဲမှာ အခုတပတ်မှာ စျေးထပ်တက်လာပါတယ်။ တရုတ်က အဝယ်ရှိ ပြီး၊ ပြည်တွင်းဆီစက်တွေကလည်း ဝယ်လိုအားရှိနေတာကြောင့် နှမ်း အမျိုးအစားအားလုံး စျေးထပ် တက်ပါတယ်။
အောက်တိုဘာ ၁၆ ရက်နေ့၊ မန္တလေးစျေးကွက်ထဲမှာ နှမ်းနက်(စမုန်) ၄၅ ပိဿာဝင် တစ်အိတ်ကို ၅၈၀,၀၀၀ မှ ၆၆၀,၀၀၀ ကျပ်စျေးရှိပြီး၊ နှမ်းဖြူ(ဂျပန်) (၄၅ ပိဿာဝင်ဝင်) တစ်အိတ်ကို ၅၂၀,၀၀၀ မှ ၅၄၀,၀၀၀ ကျပ်၊ နှမ်းညိုက (၄၅ ပိဿာဝင်) တစ်အိတ်ကို ၄၉၅,၀၀၀ မှ ၅၁၅,၀၀၀ ကျပ် အသီးသီး ပေါက်စျေးရှိနေပါတယ်။
ဆီစျေးကွက်
ပဲဆံစျေးနဲ့ နှမ်းမျိုးစုံစျေး မြင့်တက်မှုကြောင့် ပဲဆီ၊ နှမ်းဆီစျေးကလည်း ထပ်မံမြင့်တက်လာပါတယ်။ စားအုန်ဆီကလည်း စျေးမြင့်တက်နေပြီး၊ လိုသလောက် ဝယ်ယူရခက်ခဲနေပါတယ်။
ပဲဆီ(စက်ကြိတ်ဆီ)က တစ်ပိဿာ ၃၀,၀၀၀ ကျပ်အထိရောက်ရှိလာပြီး၊ မြေပဲ(ဆုံဆီ) ကတော့ တစ် ပိဿာကို ၃၀,၀၀၀ ကျပ်အထက် ရောက်ရှိလာပါတယ်။
နှမ်းဆီကလည်း တစ်ပိဿာကို ၂၉,၀၀၀ ကျပ်အထိ ရောက်ရှိလာပါတယ်။ ပဲဆီ၊ နှမ်းဆီစျေး မြင့်တက်လာသလို၊ စားအုန်းဆီစျေးလည်း ဆက်တိုက်မြင့်တက်လာပြီး တစ်ပိဿာကို ၂၅,၀၀၀ ကျပ်လောက်အထိ ရောက်ရှိလာပါတယ်။
ကြက်သွန်နီ
ကြက်သွန်နီကတော့ မြင်းခြံကုန်စည်ဒိုင်ကို မိုးကြက်သွန်နီအသစ်တွေ စတင်ဝင်ရောက်နေသလို၊ ရန်ကုန် ၊ ဘုရင့်နောင်ကုန်စည်ဒိုင်ကို တရုတ်ကြက်သွန်နီတွေ ဝင်ရောက်မှုရှိလာတာကြောင့် နွေ ကြက်သွန်နီ အ ဟောင်းစျေး ပြန်ကျလာပါတယ်။
အရင်ရက်က ရန်ကုန်၊ ဘုရင့်နောင်စျေးကွက်မှာ ကြက်သွန် အမျိုးအစားအလိုက် အမြင့်ဆုံး ၁၀,၅၀၀ ကျပ်အထိ ရောက်ရှိခဲ့ပါတယ်။
အခုတပတ် အောက်တိုဘာ ၁၇ ရက်မှာတော့ ရန်ကုန်၊ ဘုရင့်နောင်စျေးကွက်မှာ ကြက်သွန်နီ(ဆိပ်ဖြူ)က တစ်ပိဿာကို ၇,၈၀၀ မှ ၉,၉၀၀ ကျပ်စျေးရှိပြီး၊ မုံရွာကလည်း တစ်ပိဿာကို ၇,၃၀၀ မှ ၁၀,၀၀၀ ကျပ်၊ မြင်းခြံက တစ်ပိဿာကို ၇,၅၀၀ မှ ၁,၀၀၀ ကျပ် အသီးသီးပေါက်စျေးရှိခဲ့ပါတယ်။
‘The Farmer Times’ က သုံးသပ်တင်ပြပေးထားတဲ့ ဘုရင့်နောင်ကုန်စည်ဒိုင် ပေါက်ဈေးနှုန်းတွေဟာ လက္ကားဈေးနှုန်းများသာဖြစ်ပြီး လက်လီဈေးကွက်အတွင်း ဒေသအလိုက် သယ်ယူပို့ဆောင်စရိတ်ပေါ် မူတည်ပြီး အနည်းငယ် ကွာဟမှုရှိနိုင်ပါတယ်။
