မူဆယ်မှာ ယွမ် ၁၀၀ ကို ကျပ် ၇၀,၀၀၀ ကျော်အထိ မြင့်တက်တက်လာလို့ ဒေသခံတွေ အခက်တွေ့နေ
ရန်ကုန်၊ အောက်တိုဘာ ၂၇၊ ၂၀၂၆။
တရုတ်-မြန်မာနယ်စပ်ဖြစ်တဲ့ မူဆယ်မြို့မှာ တရုတ်ယွမ်နဲ့ မြန်မာကျပ်ငွေ လဲလှယ်ရာမှာ ယွမ်ဈေးတွေ ဆက်လက်မြင့်တက်နေပြီး ယွမ် ၁၀၀ ကို မြန်မာငွေ ကျပ် ၇၀,၀၀၀ ကျော်လာတဲ့အတွက် အောက်ခြေ အလုပ်သမား မိသားစုတွေ အခက်ကြုံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မူဆယ်မြို့မှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၃ ရက်က ယွမ် ၁၀၀ ကို မြန်မာငွေ ၆၇,၀၀၀ ကျပ်နဲ့ လဲလှယ်ကြ ရာကနေ အောက်တိုဘာ ၁၅ ရက်မှာ ယွမ် ၁၀၀ ကို ၆၉,၀၀၀ ကျပ်၊ ၁၉ ရက်မှာတော့ ၇၁,၀၀၀ ကျပ်အ အောက်တိုဘာ ၂၀ ရက်မှာတော့ ယွမ် ၁၀၀ ကို ၇၀,၅၀၀ ကျပ်ထိ မြင့်တက်ခဲ့တာ ဖြစ်ပါတယ်။
အောက်တိုဘာ ၂၁ ရက်မှာတော့ မူဆယ်မှာ တရုတ်ငွေ ဝယ်ဈေး ယွမ် ၁၀၀ ကို ၇ သောင်းကျပ်စျေးရှိပြီး၊ ရောင်းဈေးက ယွမ် ၁၀၀ ကို ၆၉,၀၀၀ ကျပ်စျေးပေါက်တယ်လို့ သိရပါတယ်။
တရုတ်ငွေဈေး တက်လာတာနဲ့အတူ အခြေခံ စားသောက်ကုန်ဈေးနှုန်းတွေလည်း ငွေဈေးအလိုက် ချက်ချင်းဆိုသလို ထိုးတက်လာလို့ အောက်ခြေနေ့စား အလုပ်သမားတွေအတွက် ပိုမိုကျပ်တည်းလာ တယ်လို့ ပြောဆိုကြတယ်။
” ယွမ်ဈေးက အတက်နဲ့ကို မငြိမ်ဘူးဖြစ်နေတယ်။ ၁၀ ရက်ကျော်လောက်ရှိပြီ ခုန်တက်သွားတာ။ လောက် ၇ သောင်းကျော်ဖြစ်လိုက်၊ ၇ သောင်း ဖြစ်လိုက် ဖြစ်နေတယ်။ ဈေးကမငြိမ်ဘူးပေါ့ ငွေဈေးက နာရီပိုင်းအတွင်းလေးမှာကို ပြောင်းချင် ပြောင်းသွားတာ။ ယွမ်ဈေးတက်တော့ အခြေခဲစားကုန်တွေကအစ ဈေးတက်တာပေါ့။အရင်တုန်းက ဆီတစ်ပုလင်းကို သံပုံးတစ်ပုံးကိုပေါ့ ၃၂, ၀၀၀ အခု ငွေဈေး တက်သွားတော့ ၃၆,၀၀၀ ဝယ်ရတယ်။ နောက် ကြက်သွန်တစ်ပိဿာကို ၁၁,၀၀၀ က အခု ၁၃,၀၀၀ ဖြစ်သွားတယ်။ အဲတော့ မူဆယ်မြို့မှာရှိတဲ့ လက် လုပ်လက်စားတွေ၊ မရှိဆင်းရဲသားတွေ ဒုက္ခရောက်တာပေါ့။ ဝင်ငွေနဲ့ ထွက်ငွေနဲ့က မမျှတော့ဘူးလေ။ ယွမ်ဈေးကြောင့် ဈေးတက်သွားတယ် ဟုတ်ပြီ၊ ဈေးကျသွားတော့လည်း ကုန်ဈေးတွေကို ပြန်ချရောင်းသလားဆိုရင် မှေးရောင်းတယ်၊ ချမရောင်းဘူး။ ဝိသမလောဘသားတွေ များနေတယ် ” လို့ မူဆယ်ဒေသခံ ဦးအောင်နိုင်ဦးက ပြောပါတယ်။
အခု အောက်တိုဘာ ၂၇ ရက်နေ့ မနက်ပိုင်းမှာလည်း မူဆယ်မှာ တရုတ်ယွမ်ငွေ ၁၀၀ ကို မြန်မာငွေ ၇၀,၀၀၀ မှ ၇၁,၀၀၀ ပေါက်စျေး ရှိနေပါတယ်။
မြန်မာ-တရုတ် ငွေလဲလှယ်နှုန်းထား မြင့်တက်တာကြောင့် ပြီးခဲ့တဲ့ ရက်ပိုင်းက တရုတ်ငွေ အရောင်းပိတ် ထားခဲ့ရတယ်လို့လည်း ငွေလဲလုပ်ငန်းလုပ်ကိုင်သူတွေက ဆိုပါတယ်။
ယွမ်ငွေ အတက်နဲ့ ရပ်နေတဲ့အတွက် ကုန်ဈေးနှုနှုန်းတွေ မြင့်တက်လာသလို၊ တရုတ်ဘက်က သွင်းကုန် တင်သွင်းနေသူတွေ ဘက်မှာလည်း လုပ်ငန်းလည်ပတ်ဖို့ အဆင်မပြေဘူးလို့ သိရပါတယ်။
” ဘာမှမကောင်းပါဘူး၊ကျပ်ငွေတန်ဖိုးကျတော့ အခြေခံလူတန်းစားတွေလည်း ဒုက္ခရောက်ကုန်တယ်။ အိမ်ဆိုင်တွေဆိုလည်း ပစ္စည်းရောင်းပြီး ပြန်ဝယ်ဖို့က ဈေးထပ်တက်တော့ အရင်းထပ်စိုက်ပြီး ဝယ်ရောင်းပေါ့။ မနေ့က ၁,၀၀၀ တန်က ဒီနေ့ ၂,၀၀၀ ဖြစ်သွားပြီဆိုတော့ လုပ် အားခနဲ့ ကုန်ဈေးကို လိုက်မကာနိုင်ဘူး။ ကုန်သည်တွေလည်း တချို့အလုပ်တွေ ခဏနားထားတယ်။ အခြေအနေကို စောင့်ကြည့်ရတာပေါ့။ ယွမ်ဝယ်ရတာလည်း ခက်ခဲနေတယ်လေ” လို့ တရုတ်ဘက်က ပစ္စည်းတင်သွင်းပြီး မူဆယ်မှာ ရောင်းချနေတဲ့ ကုန်သည်တစ်ယောက်က ပြောပါတယ်။
နယ်စပ်ဒေသမှာ မြန်မာငွေတန်ဖိုး ကျဆင်းနေတာကြောင့် ငွေကြေးတတ်နိုင်သူတွေက ကျပ်ငွေကို လက် ထဲမထားကြတော့ဘဲ တရုတ်ငွေကို ရသလောက် ဝယ်ယူစုဆောင်းနေကြကြောင်းနဲ့ ယွမ်ငွေလိုအပ်ချက် ပိုများသွားတဲ့အတွက် ယွမ်ဈေး ဆက်လက်မြင့်တက်နိုင်တယ်လို့ ၎င်းက ဆက်ပြောပါတယ်။
နိုင်ငံခြားငွေ လဲလှယ်ဈေးကွက်အရ အောက်တိုဘာ ၂၀ ရက်က ရန်ကုန်မြို့မှာ တရုတ်ငွေဝယ်ဈေး ယွမ် ၁၀၀ ကို ၆၉,၃၀၀ ကျပ်စျေးရှိပြီး၊ ရောင်းဈေးက ယွမ် ၁၀၀ ကို ၆၇၄,၀၀ ကျပ် ပေါက်စျေးရှိခဲ့ပါတယ်။
