“ မြန်မာပြည် လယ်သမားဘ၀က တိုးတက်မှု လုံး၀မရှိသေးဘူး” (ရုပ်/သံ)
The Farmer Times၊ အောက်တိုဘာလ ၃၀ ရက်၊ ၂၀၂၆။
စပါးပေါ် ချိန်မှာ ဝယ်လိုအားနဲ့ ရောင်းလိုအား ကွာဟချက် ကြီးမားခြင်းကြောင့် စပါးဈေးကျဆင်းလေ့ရှိတဲ့အတွက် တောင်သူတွေ အခက်အခဲဖြစ်ပြီး၊ ဝင်ငွေလျော့နည်းရရှိခြင်း၊ တောင်သူတွေလက်ထဲမှာ စပါးမရှိချိန်ရောက်မှ ဈေးပြန်လည်မြင့်တက်လေ့ရှိပြီး သီးနှံသိုလှောင်မှု အကျိုးကျေးဇူးကို ကုန်သည်၊ စက်ပိုင်တွေနဲ့ လှောင်လက်များသာရရှိပြီး၊ တောင်သူလယ်သမားတွေက ရရှိခံစားနိုင်မှု အလွန်နည်းပါးနေပါတယ်။
လက်ရှိမှာ စပါးစိုက်တောင်သူတွေ ပါဝင်နိုင်မယ့် “သိုလှောင်ရုံကုန်အပ် လက်မှတ်ကို အခြေခံပြီး ငွေကြေးထောက် ပံ့မှုစနစ် (Warehouse Receipt Financing)” ကို အခုနှစ် မိုးစပါးရိတ်သိမ်းချိန် နိုဝင်ဘာနဲ့ ဒီဇင်ဘာလ တို့မှာ စတင်အကောင်ထည် ဖော်သွားမယ်လို့ မြန်မာနိုင်ငံဆန်စပါးအဖွဲ့ချုပ်-MRF က ပြောဆိုထားပါတယ်။
ဒါ့အပြင် MRF အနေနဲ့ ပြည်ပတင်ပို့တဲ့ Rice Export Zone စီမံကိန်းကို တောင်သူတွေ၊ ကုမ္ပဏီတွေနဲ့ ပူးပေါင်းပြီး စပါးစိုက်ဧရိယာ ဧက ၃ သိန်းခန့် ဖော်ဆောင်နိုင်ဖို့ ပြင်ဆင်မှုတွေလည်း ပြုလုပ်နေပါတယ်။
ဒါကြောင့် အခုနှစ် မိုးစပါး ရိတ်သိမ်းချိန် နိုဝင်ဘာနဲ့ ဒီဇင်ဘာ ကစပြီး MRF က စတင်အကောင်ထည် ဖော်သွားမယ့် Rice Export Zone စီမံကိန်းနဲ့ သိုလှောင်ရုံကုန်အပ်လက်မှတ်ကို အခြေခံတဲ့ ငွေကြေး ထောက်ပံ့မှုစနစ် (Warehouse Receipt Financing)” မှာ ကုန်သည်၊ ပွဲစားတွေ စျေးကစားတာ မခံရစေဖို့အတွက် လယ်သမားတွေ လုပ်ဆောင်ရမယ့် အပိုင်းများနဲ့ လက်ရှိ မြေပြင်မှာ ဖြစ်ပေါ်နေတဲ့ အခြေ အနေများကို သိရှိနိုင်ဖို့ ဆန်၊ စပါး စိုက်ပျိုး၊ သိုလှောင်ရောင်းဝယ်ရေး လုပ်ကိုင်နေသူ ဆန်ကုန်သည် ဦးထွန်းဝင်းကို The Farmer Times သတင်းဌာနက ဆက်သွယ်မေးမြန်းထားပါတယ်။
