November 10, 2026

‎မြဝတီ- ရန်ကုန် လမ်းကြောင်းတလျှောက် ကုန်အစစ်အဆေး တင်းကျပ်

‎The Farmer Times၊ နိုဝင်ဘာလ ၂ ရက်၊ ၂၀၂၆။

‎အခုရက်ပိုင်းအတွင်း မြဝတီကနေ ရန်ကုန်ကို ကုန်ပစ္စည်းသယ်ယူတဲ့ လမ်းတလျှောက်လုံးမှာ အာဏာ သိမ်းစစ်တပ်က အစစ်အဆေး အ ဖမ်းအဆီးတွေ တင်းတင်းကြပ်ကြပ် ပိုမိုပြုလုပ်လာပြီး၊ တနိုင်တပိုင် သယ်ယူဖို့တောင် မလွယ်ကူတော့ဘူးလို့ အဆိုပါလမ်းကြောင်းမှာ ကုန်ပစ္စည်း သယ်ယူပို့ဆောင်ရေး လုပ် ဆောင်နေသူတွေက ပြောပါတယ်။

‎အရင်က ဘားအံ-မော်လမြိုင်-ရန်ကုန် လမ်းကြောင်းမှာ ကုန်ကား၊ ခရီးသည်တင်ယာဉ်တွေကိုသာ စစ် ဆေးမှု တင်းကျပ်ခဲ့တာဖြစ်ပြီး၊ လက် ရှိမှာတော့ အိမ်စီး EV ကား၊ Landcruiser ကား‌များ အပါအဝင် ဆိုင် ကယ်‌တွေနဲ့ တနိုင်တပိုင်သယ်ယူမှုတွေသာ မက ယာဉ်အမျိုးအစားအား လုံးကို စစ်ဆေးဖမ်းဆီးမှုတွေ ပြု လုပ်လာတာ ဖြစ်ပါတယ်။

‎” ပြီးခဲ့တဲ့ ၄၊ ၅ ရက်လောက်တည်းက စစ်‌ဆေးရေးတွေ အရမ်းကြမ်းနေတာ။ မြဝတီကနေ ရန်ကုန် လမ်းကြောင်းရော၊ မန်းလေးလမ်း ကြောင်းရော မလွယ်တော့ဘူး။ ညောင်ခါးရှည်မှာ အဆိုးဆုံးပဲ။ ကားကြီးကားလေး၊ အိုးဝေလေးတွေကအစ မရဘူး။ တအားကျပ်နေတာ။ အရင်က ကုန်ကားတွေ လောက်ပဲ အိမ်စီးကားတွေဆို အဆင်ပြေအောင်ညှိပြီး သယ်လို့ရတယ်။ အခုက မရဘူး ဆိုင်ကယ်က အစ အစစ်ခံရတယ်။ ဒီလမ်းကြောင်းတလျှောက်မှာ ပိတ်မိနေတဲ့ကုန်တွေ ဝပ်နေရတဲ့ ကုန်တွေ မနည်း ဘူး။ တချို့ရန်ကုန်က ပစ္စည်းသယ်ဖို့ ငွေပေါင်ပေးလုပ်တဲ့သူတွေဆို လမ်းမှာ ပစ္စည်းထားခဲ့ပြီး ခါလီ (အလွတ်) ပြန်သွားရတယ်။ ဂိတ်တွေက သူတို့နဲ့ ရင်းနှီးတဲ့သူတွေကိုတော့ အဖမ်းအစီးကြမ်းရင် လမ်းမှာ ခဏဝင်အောင်းနေဖို့ ဆက်သွယ် အသိပေးတာတွေလည်း ရှိတယ်‌။ ယာယီလားတော့ မပြောတတ် ဘူးပေါ့ ” လို့ မြဝတီ-ရန်ကုန် ကုန်ကားသမား ကိုနိုင်ကြီးက ပြောပါတယ်။

‎လတ်တလောမှာ မြ၀တီ- ဘားအံ အာရှကုန်သွယ်လမ်းကြောင်းတလျှောက် အစစ်အဆေး အဖမ်းအဆီး များလာသလို ဂိတ်ကြေးတွေကလည်း မြင့်တက်လာနေတယ်လို့ ဆိုပါတယ်။

ပစ္စည်းသယ်ဆောင်ရာမှာ ကုန်အပ်သူတွေကို ငွေပေါင်စနစ်နဲ့ သယ်ယူပေးရသလို၊ ကုန်ပစ္စည်း သယ်မ ရလို့ အပ်နှံထားခဲ့ရပါက သိုလှောင်(ဂိုထောင်) စရိတ်တွေပါ ရှိလာတဲ့အတွက် သယ်ယူပို့ဆောင်စရိတ် ကလည်း လိုက်ပါမြင့်လာတာလို့ ကုန်ကားသမားတွေက ပြောဆိုကြပါတယ်။

‎သို့သော် နိုဝင်ဘာ ၁ ရက်ကစတင်ပြီး ခရီးသွားပြည်သူတွေ၊ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းတွေနဲ့ အများ ပြည်သူသွားလာရေး လွယ်ကူစေဖို့အတွက် ဘားအံမြို့ရှိ သံလွင်တံတားနဲ့ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ် နယ်စပ်ဆက်သွယ်ရေးအတွက် အရေးပါတဲ့ ဒုံသမိတံတားကို မနက်ပိုင်းနဲ့ ညပိုင်းဖြတ်သန်းခွင့် အချိန် တွေတော့ တိုးမြှင့်ခွင့်ပြုထားတယ်လို့ အာဏာသိမ်းအစိုးရက ထုတ်ပြန်ထားပါတယ်။

‎ဒါ‌ပေမယ့် ကရင်ပြည်နယ် မြဝတီမြို့နယ်အတွင်း ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တဲ့အတွက် ထိုင်းနိုင်ငံဘက်က တရားဝင်မဟုတ်တဲ့ နယ်စပ်ဖြတ်သန်းလမ်းကြောင်းတွေမှ ကုန်သွယ်မှုကို ၇ ရက် ကြာ ရပ်ဆိုင်းလိုက်ကြောင်း ထိုင်းနိုင်ငံအခြေစိုက် The Thaiger သတင်းဌာနက အောက်တိုဘာ ၃၀ ရက်မှာ ဖော်ပြထားပါတယ်။

‎လက်ရှိမှာ ထိုင်းဘက်က သွင်းကုန်တွေကို မြန်မာဘက်ကို တင်သွင်းဖို့က ပိုမိုခက်ခဲလာနိုင်သလို ကုန် ဈေးနှုန်းကြီးမြင့်မှုနဲ့ ကုန်ပစ္စည်းပြတ်လပ်မှုဒဏ်ကို ပြည်သူတွေ ထပ်မံခံစားရဖွယ်ရှိတယ်လို့ စီးပွားရေး လုပ်ငန်းရှင်တွေက ခန့်မှန်းထားပါတယ်။

‎” နဂိုတည်းက ကုန်စည်စီးဆင်းမှုက အရမ်းကျပ်နေတာ။ သွင်းကုန်တွေကို တရားမဝင်ဘူးဆိုတော့ ခိုး သွားနေ၊ သယ်နေရတာလေ။ ကုန် သည်တွေက ကုန်ကျစရိတ်တွေ ပိုကုန်လာတော့ မမြတ်မြတ်အောင် ဈေးတင်ရောင်း ပြည်သူတွေပဲ ခံရတာ။ အခု ဟိုဘက် ထိုင်းဘက်ကလည်း တင်းကျပ်၊ ဒီဘက်မှာလည်း ပိုပြီးတင်းကျပ်လာမယ်ဆိုရင် ကုန်သွယ်မှုက လုံးဝရပ်ဆိုင်းသွားနိုင်တယ်။ သွင်းကုန်ကို အကန့်အသတ် လေးနဲ့ဖြစ်ဖြစ် ပြန်ပြီးခွင့်ပြုပေးမှ၊ သွင်းကုန် ကန့်သတ်ချက် ဖြေလျော့မပေးရင်တော့ တရားမဝင် ကုန်စည်စီးဆင်းမှုအောက်မှာပဲ ကုန်ဈေးမြင့်တဲ့ သံသရာ ဆက်လည်နေပါမယ် ” လို့ စီးပွားရေးလုပ် ငန်းရှင်တစ်‌ဦးက ပြောပါတယ်။

‎အာဏာသိမ်းစစ်အစိုးရဟာ ပြည်တွင်း အသေးစား၊ အလတ်စား လုပ်ငန်းရှင်များ-MSMEs ကို ကာကွယ် ဖို့နဲ့ ကုန်သွယ်မှုလိုငွေကို လျော့ချဖို့ဆိုပြီး သွင်းကုန်လိုင်စင် ချပေးမှုကို ရပ်နားကာ စျေးကွက်ကို ချုပ် ကိုင်ခဲ့တာကြောင့် ကုန်စည်ရှားပါးမှုတွေနဲ့ ကုန်စျေးနှုန်းမြင့်တက်မှုတွေ ဖြစ်ပေါ်လာတာလို့ သွင်းကုန်၊ ထုတ်ကုန်လုပ်ငန်းရှင်တွေက ပြောဆိုကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Copyright © All rights reserved. | Newsphere by AF themes.