July 12, 2026

ခရမ်းချဉ်သီးဈေး ထိုးဆင်းနေလို့ စိုက်ခင်းလိုက် စွန့်ပစ်မှုတွေ ပြုလုပ်နေ

The Farmer Times၊ ဇွန်လ ၈ ရက်၊ ၂၀၂၆

ရှမ်းပြည်နယ်တောင်ပိုင်းမှာ ခရမ်းချဉ်သီတွေကို ခူးဆွတ်ဖို့ ငှားရမ်းရတဲ့ အလုပ်သမား စရိတ်တောင် ပြန်မရတဲ့ထိ စျေးနှုန်းထိုးကျသွားတာကြောင့် မခူးဆွတ်တော့ပဲ၊ အခင်းလိုက်စွန့်ပစ်မှုတွေ ဖြစ်ပေါ်နေ တယ်လို့ ဒေသခံတောင်သူတွေက ပြောပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်မှာ ခရမ်းချဉ်သီး တစ်ပိဿာကို ကျပ် ၈၀၊ ၁၀၀ စျေး လောက်ထိ ဆိုးဆိုးဝါးဝါး ကျဆင်းသွားတာကြောင့် စိုက်စရိတ်ပြန်မရဘဲ ပျက်စီးဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင် နေရတာ ဖြစ်ပါတယ်။

အခုရာသီဟာ ရှမ်းပြည်နယ်မှာ ခရမ်းချဉ်သီး လှိုင်လှိုင်ထွက်ရှိတဲ့ ရာသီဖြစ်ပြီး၊ ဈေးကွက်ထဲကို ခရမ်း ချဉ်သီး ကုန်ချိန်အများအပြား တစ်ပြိုင်နက်တည်း ဝင်ရောက်လာပေမယ့် တိုက်ပွဲတွေနဲ့ လမ်းပန်းဆက် သွယ်ရေး အခက်အခဲတွေကြောင့် ပြည်မစျေးကွက်ကို တင်ပို့နိုင်မှုနည်းပါးပြီး၊ အခုလို စံချိန်တင် စျေး ကျဆင်းသွားတာ ဖြစ်တယ်လို့ ဒေသခံ ကုန်သည်တွေက ပြောပါတယ်။

အောင်ပန်းမြို့မှ သီးနှံကုန်စည်ဒိုင်ပိုင်ရှင် ကိုမောင်မောင်က ‘’ ခရမ်းချဉ်က လက်ရှိကာလမှာ သူကဈေး ကျတဲ့ကာလ ဒါနှစ်စဉ်နှစ်တိုင်း ကြုံနေရတာပဲ။ သူက မိုးတွင်းအစပ်နား ရောက်လာပြီဆိုရင် ရှမ်းတောင် က ဖြိုင်ဖြိုင်ထွက်တယ်။ ပြဿနာက သူ့ရဲ့ကုန်စည်က ဒီပြည်တွင်းမှာကိုပဲ ပယ်ပယ်နယ်နယ် ဖြန့်လို့မရ တာတွေရှိတော့ အထွက်သာများနေတာ ဖြုန်းအားက မရှိဘူး။ မရှိတော့ အဲ့မှာဈေးတွေ ထိုးကျလာ တယ်။ အဲဒီသဘော။ အောင်ပန်း လာရောင်းရင်လည်း ရွာကနေ အောင်ပန်းကို သယ်ယူတဲ့စရိတ်က ဆီ ဖိုးရှိတယ်။ လမ်းမှာ ဂိတ်ကြေးတွေရှိတယ်။ လမ်းစရိတ် တွေရှိတယ်ဆိုတော့ ဘာမှမထူးဘူး။ ဖြစ်နေ တော့ တချို့လည်း လမ်းဘေးမှာပဲ လွှတ်ပစ်လိုက်တာလေးတွေ ရှိတယ်။ ဈေးက ဥပမာ တစ်ပိဿာ ၂၀၀ ၊ ၃၀၀ ဆိုရင် သွားရမှာနဲ့ ရမှာနဲ့ ကုန်မှာနဲ့က မကာမိတာတွေ ရှိတာပေါ့။ တချို့တလေလည်း အဲလို ပဲ ပစ်လိုက်ရတာလေးတွေလည်း ရှိတယ် “ လို့ ပြောပါတယ်။

အခုနှစ်မှာ ရှမ်တောင်ဒေသထွက် ခရမ်းချဉ်သီးတွေကို လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် ပြည်တွင်းဈေးကွက်ကို မဖြန့်နိုင်သလို၊ နှစ်စဉ် ခရမ်းချဉ်သီး တင်ပို့နေရတဲ့ ထိုင်းနိုင်ငံကိုလည်း မြ၀တီ-ကော့ကရိတ် အာရှလမ်းက တိုက်ပွဲတွေကြောင့် ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်ကစလို့ တင်ပို့မှု ရပ်နားထားရတာ ဖြစ်ပါတယ်။

ခရမ်းချဉ်သီး စတင်ထွက်ရှိတဲ့ ပြီးခဲ့တဲ့ မတ်လကုန်ပိုင်းအထိ စျေးကွက်ထဲမှာ ခရမ်းချဉ်သီး တစ်ပိ ဿာကို ၂,၅၀၀ မှ ၄,၀၀၀ ကျပ်အထိ စျေးကောင်းရရှိခဲ့တာကြောင့် စိုက်တောင်သူတွေ အနေနဲ့ တိုးချဲ့ စိုက်ပျိုးမှုတွေ ပြုလပ်ခဲ့ကြတာလို့ ဆိုပါတယ်။

လက်ရှိ အောင်ပန်းကုန်စည်ဒိုင် စျေးကွက်မှာတော့ တစ်ပိဿာ ၃၀၀ မှ ၈၀၀ ကျပ်အထိ ပေါက်ဈေး ရှိနေတယ်လို့ သိရပါတယ်။

အခုလိုရောင်းလိုအား၊ ဝယ်လိုအား မမျှတလို့ဈေးထိုးကျတဲ့ အခြေနေမျိုးမှာ ကုန်စိမ်းသီးနှံကို ကြာ ရှည်ခံနိုင်တဲ့ တန်ဖိုးမြှင့်ထုတ်ကုန် ( value added ) အဖြစ် ထုတ်လုပ်နိုင်ဖို့ နည်းပညာ လိုအပ်ချက်တွေကို တာဝန်ရှိသူတွေနဲ့ လုပ်ငန်းရှင် အသင်းအဖွဲ့တွေက ပံ့ပိုးပေးဖို့ လိုအပ်တယ်လို့ တောင်သူတွေက ထောက် ပြပြောဆိုကြပါတယ်။

ကိုမောင်မောင်က ‘’ ကျွန်တော်တို့ဆီမှာ ခရမ်းချဉ်ဆော့ ထုတ်လုပ်တဲ့ နည်းပညာနဲ့ စက်ရုံမရှိဘူး။ အဲဒီအ တွက် ဒီလို Wave ဖြစ်သွားတဲ့ ခရမ်းချဉ်တွေကို စက်ရုံမှာ ကျွန်တော်တို့က ကုန်ချောအနေနဲ့ ပြန်မထုတ် နိုင်ဘူး။ မထုတ်နိုင်တဲ့အတွက် ဒီလမ်းဘေးပစ်ရတဲ့ အနေအထားလေးတွေက နှစ်စဉ်ကြုံတွေ့ရတာ ပေါ့။ သူက ခရမ်းချဉ် သာ ဈေးမရနေတာ ကုန်ကျစရိတ်က Sold hight အရမ်းမြင့်တယ်။ ‎ နိုင်ငံတော်က တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေဆိုရင် ခရမ်းချဉ်ဆော့ ထုတ်လုပ်တဲ့ နည်းပညာနဲ့ စက်ရုံ အဲ့ဒါလေးတွေက ဒါ တည်ထောင်ပေးသင့်တယ်။ အဲတာလေးတွေက ဒီခရမ်းချဉ်စိုက် တောင်သူတွေအတွက် အများကြီး အ ထောက်အကူ ဖြစ်စေမယ်ပေါ့ “ လို့ ဆက်ပြောပါတယ်။

ခရမ်းချဉ်သီး စိုက်စရိတ်အနေနဲ့ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်က တစ်ဧက ကျပ်သိန်း ၂၀ ဝန်းကျင်သာ ရှိခဲ့ပေမယ့်၊ ၂၀၂၅ ခုနှစ်မှာတော့ စိုက်စရိတ်ကျပ် ၂၂ သိန်းထိ ကုန်ကျခဲ့သလို၊ အခုနှစ်မှာတော့ ၂၅ သိန်းကျပ်အထိ ကုန် ကျစရိတ် မြင့်တက်လာတယ်လို့ ခရမ်းချဉ်စိုက်တောင်သူတွေက ပြောပါတယ်။

ခရမ်းချဉ်သီးဈေး ကျဆင်းနေပေမယ့် လက်ရှိ ခရမ်းချဉ်မျိုးစေ့ တစ်ထုပ်ကို ၃၅,၀၀၀ ကျပ်မှ ၄၀,၀၀၀ ကျပ်ကျော်အထိ ပေါက်စျေးရှိနေသလို တခြားသော စိုက်ပျိုးရေး သွင်းအားစု စျေးနှုန်းတွေကလည်း အာဏာမသိမ်းခင် ၂၀၂၁ ခုနှစ်ကထက် ဈေး ၃ ဆလောက် ဆက်လက်မြင့်တက်နေပါတယ်။

ပြည်တွင်းခရမ်းချဉ်ဈေးကွက်က လာမယ့် စက်တင်ဘာလကုန်အထိ အကျစျေးနဲ့ ရပ်တည်နေနိုင်ပြီး၊ နိုဝင်ဘာလခန့်မှသာ ဈေးပြန်လည်မြင့်လာနိုင်မယ့် အနေအထား ရှိနေတာကြောင့် တောင်သူတွေအနေနဲ့ ချိန်ဆစိုက်ပျိုးသင့်တယ်လို့ ကုန်သည်တွေက အကြံပြုပြောဆိုထားပါတယ်။

မြန်မာနိုင်ငံမှာ ခရမ်းချဉ်သီးကို မန္တလေးတိုင်း မကွေးတိုင်၊ စစ်ကိုင်းတိုင်းနဲ့ ရှမ်းပြည်နယ်တို့မှာ အများ ဆုံး စိုက်ပျိုးကြတာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Copyright © All rights reserved. | Newsphere by AF themes.