ပြည်ခရိုင်ထဲက နွေစပါးစိုက်ခင်းတွေမှာ ကြွက်တွေသောင်းကျန်းနေလို့ စိုက်ခင်းအများစု ပျက်စီးနေ(ရုပ်/သံ)
The Farmer Times၊ ဇွန်လ ၁၀ ရက်၊ ၂၀၂၆ ခုနှစ်။
ပဲခူးတိုင်း၊ အနောက်ခြမ်း၊ ပြည်ခရိုင်ထဲက နွေစပါးစိုက်ခင်းတွေထဲကို ကြွက်တွေဝင်ရောက်ကာ စပါးပင် တွေကို ဖျက်ဆီးစားသောက်နေတဲ့အတွက် စိုက်ခင်းအများစု ပျက်စီးပြီး၊ ရိတ်သိမ်းလို့မရတဲ့ အခြေအ နေနဲ့ ရင်ဆိုင်နေရတယ်လို့ ဒေသခံလယ်သမားတွေက ပြောပါတယ်။
စစ်တပ်အာ အာဏာသိမ်းပြီးနောက်ပိုင်း စက်သုံးဆီ အပါအဝင် စိုက်ပျိုးရေး သွင်းအားစု စျေးနှုန်းတွေ ၃ ဆခန့် မြင့်တက်လာပေမယ့် စပါး အပါအဝင် လယ်ယာထွက်ကုန် သီးနှံစျေးတွေက ကျဆင်းနေတဲ့အ တွက် စိုက်ပျိုးရေးကို ယာယီရပ်နားထားလိုတဲ့ လယ်သမားတွေ ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါ တယ်။
ဒါပေမယ့် အာဏာသိမ်းစစ်အစိုးရက နွေစပါးကို မဖြစ်မနေ စိုက်ပျိုးရမယ်လို့ ဖိအားပေး ညွှန်ကြား ခဲ့တာကြောင့် တောင်သူအားလုံး စိုက်ပျိုးခဲ့ရတာဖြစ်ပြီး၊ အခုလို စိုက်ခင်းတွေထဲ ကြွက်တွေ ဝင်ရောက် ဖျက်ဆီးချိန်မှာတော့ လာရောက်ကူညီဖြေရှင်းပေးတာမျိူး မရှိတဲ့အတွက် ဝေဖန်မှုတွေလည်း မြင့်တက်နေပါတယ်။
အခုနှစ် ပြည်ခရိုင်အတွင်းမှာ နွေစပါးစိုက်ဧက (၃၆,၅၈၂) ခန့် စိုက်ပျိုးနိုင်ခဲ့ပြီး၊ အဓိကအားဖြင့် ရက် (၉၀) စပါးနဲ့ RT-85 စပါးမျိုးကိုသာ စိုက်ပျိုးကြတာ ဖြစ်ပါတယ်။
မကြာခင် ပြည်ခရိုင်အတွင်း မိုးစပါးများကို စတင်စိုက်ပျိုးကြတော့မှာဖြစ်ပြီး၊ မိုးစပါးအနေနဲ့ ဆင်းသုခ၊ ရတနာတိုး၊ အင်းမရဲဘော်၊ မှော်ဘီစပါး (၁၀)မျိုးအစား မျိုးစေ့များကိုစာ အဓိက စိုက်ပျိုးကြတယ်လို့ သိရပါတယ်။
