July 22, 2026

မြေဩဇာဈေး စံချိန်တင်မြင့်တက်မှုနှင့် တောင်သူများ ရင်ဆိုင်နေရသော အကြပ်အတည်း

The Farmer Times၊ ဇူလိုင်လ ၂၂၊ ၂၀၂၆။

(ဆောင်းပါး)

ကမ္ဘာ့ဈေးကွက်အတွင်း ယူရီးယား(ပုလဲ) မြေဩဇာနဲ့ စက်သုံးဆီဈေးနှုန်းတွေ သိသိသာသာ ပြန်လည် ကျဆင်းလာနေပြီ ဖြစ်ပေမယ့် မြန် မာနိုင်ငံအတွင်းက တောင်သူလယ်သမားကြီးများ လက်ဝယ်အ ရောက် ဝယ်ယူသုံးစွဲနေရတဲ့  ယူရီးယား (ပုလဲ) ဓာတ်မြေဩဇာဈေးနှုန်းတွေက ဘာကြောင့် ကျဆင်းလာ ခြင်း မရှိဘဲ စံချိန်တင် မြင့်မားနေတာလဲဆိုတဲ့ မေးခွန်းက ယခုအခါ မြန်မာ့စိုက်ပျိုးရေးကဏ္ဍမှာ အကြီးမားဆုံးသော ဝေဖန်ဆွေးနွေးစရာ အဓိကအချက်တစ်ရပ် ဖြစ်လာပါတယ်။

၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ နောက်ဆုံးပတ်အတွင်း အရှေ့အလယ်ပိုင်းမှာ စစ်ရေးတင်းမာမှုတွေ စတင် ဖြစ်ပွားပြီးနောက် ဟော်မုဇ်ရေ လက်ကြား (Strait of Hormuz) ကို ဖြတ်သန်းခွင့် ပိတ်ဆို့မှုကြောင့် ယူရီး ယားစျေးနှုန်းတွေဟာ ရက်ပိုင်းအတွင်း ၃၀ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းခန့်အထိ ရုတ်တရက် ခုန်တက် ခဲ့ပြီး၊ ဧပြီလမှာ တစ်တန်ကို ကန်ဒေါ်လာ ၈၅၀ မှ ၉၀၀ ဝန်းကျင်အထိ စံချိန်တင် မြင့်တက်ခဲ့ပါတယ်။

ဒါပေမယ့် လက်ရှိအချိန်မှာတော့ ဓာတ်မြေဩဇာတင် ကုန်သင်္ဘောတချို့ ဟော်မုဇ်ရေလက်ကြား ရေ လမ်းကြောင်းကို ဖြတ်သန်းနိုင်ခဲ့တာကြောင့် ပြည်ပနိုင်ငံတကာ စျေးကွက်အတွင်းမှာ ယူရီးယား (ပုလဲ) ဓာတ်မြေဩဇာ တစ်တန်ကို ကန်ဒေါ်လာ ၄၀၀ မှ ၄၂၄ ဒေါ်လာထိ ပြန်လည်ကျဆင်းနေပေမယ့် ပြည် တွင်းစျေးကွက်ထဲမှာတော့ တောင်သူအများဆုံး အသုံးပြုတဲ့ မြေဩဇာစျေးနူန်းတွေက အမြင့်ဆုံး စျေးနှုန်းနဲ့သာ ဆက်လက်ရောင်းချနေကြတာ ဖြစ်ပါတယ်။

မြင်းပျံ ပုလဲ ၁၅ ပတ်လည်စျေးတွေက မကျပါဘူး။ ကျတာက ဆာလဖာတွေပါ။ ဆာလဖာက နိုက်ထ ရိုဂျင် ၂၀ ကျော်ပဲပါတယ်။ မြင်းပျံပုလဲက နိုက်ထရိုဂျင် ၄၀ ကျော်ပါတယ်။ အဲဒါကြောင့်စျေးလည်း ကွာတာ။ စျေးတွေက တောင်သူအသုံးများတာတွေက မကျပါဘူး။ လို့ စိုက်ပျိုးရေးဆေးနဲ့ ဓာတ်မြေ ဩဇာအရောင်းဆိုင်တခုမှ တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောဆိုပါတယ်။

ဓာတ်မြေသြဇာ တင်သွင်းမှုအပေါ် ကို ဇူလိုင်လ ၃၁ ရက်နေ့အထိ အခွန်ကင်းလွတ်ခွင့် ထပ်မံတိုးမြှင့်ခွင့် ပြုလိုက်ကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနက ဇူလိုင်လ ၆ ရက်မှာ ထုတ်ပြန်ကြေငြာထားပါ တယ်။

အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခတွေကြောင့် စက်သုံးဆီဈေးနှုန်းတွေ မြင့်တက်နေလို့ ဒီဇယ်ဆီ HSD(500 ppm) တင်သွင်းမှုအပေါ် ကောက်ခံတဲ့ အကောက်ခွန်၊ အထူးကုန်စည်ခွန်၊ ကုန်သွယ်လုပ်ငန်း ခွန်နဲ့ ကြိုတင်ဝင်ငွေခွန် (၂ ရာခိုင်နှုန်း)တို့ကို ဧပြီလ ၁ ရက်မှစပြီး ဇူလိုင်လ ၃၁ ရက်အထိ ထပ်မံတိုးမြှင့် ခွင့်ပြုပေးသွားမယ်လို့ ဆိုပါတယ်။

ဓာတ်မြေသြဇာအပေါ် အခွန်ကင်းလွတ်ခွင့် ပြုတာကိုတော့ စိုက်ပျိုးရေးကဏ္ဍ  စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုး တက်နိုင်စေဖို့နဲ့ တောင်သူလယ် သမားတွေရဲ့ ကုန်ထုတ်လုပ်မှုစရိတ်တွေ လျော့ကျစေနိုင်ဖို့အတွက် ကြို တင်ဝင်ငွေခွန် ၂ ရာခိုင်နှုန်းကို ကင်းလွတ်ခွင့်ကာလ ထပ်တိုးမြှင့်ခွင့်ပြုပေးတာလို့ ပြောဆိုထားပေမယ့် မြေဩဇာဈေးက ကျမလာပဲ နယ်ဒေသတွေမှာဆို စျေးနှုန်းမြင့်တက်တာတွေပါ ဖြစ်ပေါ်နေပါ။

သွင်းအားစုဈေးတွေနဲ့ လုပ်ငန်းသုံး စက်သုံးဆီဈေးတွေကလည်း အရှေ့အလယ်ပိုင်း ဒေသ  စစ်ပွဲမဖြစ် ခင်က ဈေးအတိုင်း ပြန်ရောက်ရှိနေပြီ ဖြစ်တာကြောင့် သွင်းအားစုဈေးနူန်းတွေ ထပ်တက်မယ့် အခြေအ နေ မရှိတော့ဘူးလို့ မြန်မာနိုင်ငံ ဆန်စပါးစိုက်ပျိုးထုတ်လုပ်သူများအသင်း ဥက္ကဋ္ဌ ဦးခင်မြင့်ကတော့ သုံးသပ်ထားပါတယ်။

”  ကမ္ဘာ့ရေနံဈေး Crude Oil က စစ်ပွဲ မဖြစ်ခင်က ဈေးနီးပါးကိုပြန်လည် ကျဆင်လာသလို သွင်း အားစု ဈေးကလည်း စစ်ပွဲမဖြစ်ခင်က ဈေးကို ရောက်ရှိနေပြီဖြစ်လို့ ပြည်တွင်းဈေးလည်း ပြန်လည် ကျဆင်းမှာ ဖြစ်ပါတယ်။  ဈေးမတက်နိူင်တော့ဘူး။ ထွက်ရှိလာမယ့် စိုက်ပျိုးရေး ထုတ်ကုန်တွေက လည်း နိူင်ငံတကာမှာ ဈေးအတက်ဘက်ကို သွားနေတဲ့အတွက် တောင်သူတွေ စိုက်ပျိုးချိန် ရောက်နေ ပြီ ဖြစ်ပါတယ်။ ” လို့ သူက ပြောထားပါတယ်။

ကမ္ဘာ့ယူရီးယားစျေး အမြင့်ဆုံးဖြစ်ခဲ့တဲ့ ဧပြီလအတွင်းက ပြည်တွင်းမှာ ပုလဲမြေဩဇာ (ယူရီးယား) ၅၀ ကီလိုတစ်အိတ်ကို တရားဝင် သတ်မှတ်ထားတဲ့ ရန်ကုန်အထိုင် ရည်ညွှန်းဈေးက ၉၄,၀၀၀ ကျပ် ဖြစ် ခဲ့ပေမယ့်၊ တောင်သူတွေ ဝယ်ယူသုံးစွဲရတဲ့ တကယ့်မြေပြင် ပြင်ပစျေးကွက်မှာတော့ အမှတ်တံဆိပ် ပေါ်မူတည်ပြီး  တစ်အိတ်ကို ၁၅၀,၀၀၀ ကျပ်ဝန်းကျင်အထိ စျေးပေးပြီး ဝယ်ယူသုံးစွဲခဲ့ရတယ်လို့ ဆိုကြ ပါတယ်။

လက်ရှိမှာ ပြီးခဲ့တဲ့ ဇွန်လကစလို့ ကမ္ဘာ့ယူရီးယားစျေး ပြန်ကျလာ​ပေမယ့် ပြည်တွင်းက တောင်သူတွေ ဝယ်ယူသုံးစွဲရတဲ့ မြေပြင်ဓာတ်မြေ ဩဇာ စျေးကွက်အတွင်းမှာတော့ မြင်းပျံ (ယူရီးယား ပုလဲဓာတ်မြေ ဩဇာ) တစ်အိတ်ကို ၁၇၀,၀၀၀ မှ ၁၈၅,၀၀၀ ကျပ်ဝန်းကျင်ပေါက်စျေးရှိနေပြီး၊ ၁၅ ပတ်လည် ဓာတ်မြေ ဩဇာ တစ်အိတ်ကိုတော့ ၂၃၀,၀၀၀ ကျပ်အထက် ပေါက်စျေးရှိနေပါတယ်။

ကျန်တဲ့ ဓာတ်မြေဩဇာတွေကလည်း အမျိုးအစားအလိုက် တစ်အိတ်ကို ၁၆၀,၀၀၀ ကျပ်လောက် အ နည်းဆုံး ပေါက်စျေးရှိနေတယ်လို့ လယ်သမားတွေက ပြောပါတယ်။

မြေဩဇာအသင်းက ထုတ်ပြန်တဲ့ ရန်ကုန်အထိုင်လက်ကား မြေဩဇာရည်ညွန်း ဈေးနှုန်းကတော့ ဇူလိုင် လအတွက်  ယူရီးယား (အလုံးကြီး) မြေဩဇာ (၅၀ ကီလိုဂရမ် တစ်အိတ်)ကို ၁၂၀,၀၀၀ ကျပ်၊ Di Ammonium Phosphate အခြေခံ ၁၅ ပတ်လည် (၅၀ ကီလိုဂရမ် တစ်အိတ်) ကို ၁၁၅,၀၀၀ ကျပ် သတ်မှတ်ထားပြီး၊ Complex ၁၅ ပတ်လည် မြေဩဇာကိုတော့ ရည်ညွှန်းဈေးနှုန်း မသတ်မှတ်ထား တာကို တွေ့ရပါတယ်။

ကမ္ဘာ့စျေး အမြင့်ဆုံးဖြစ်ခဲ့တဲ့ ဧပြီလဝန်းကျင်က စံချိန်တင်စျေးနှုန်းတွေထက်  လက်ရှိ ဇူလိုင်လမှာ ပြည်တွင်းယူရီးယားစျေးက အဆမတန် ပိုမိုမြင့်မားနေတာ ဖြစ်ပါတယ်။ မြေဩဇာစျေးနှုန်း ကြီးမြင့်မှု ကြောင့် စပါးနှင့် ဆီထွက်သီးနှံ စိုက်ပျိုးတဲ့ တောင်သူတွေရဲ့ စိုက်ပျိုးကုန် ကျစရိတ်ဟာ ပုံမှန်ထက် နှစ်ဆ နီးပါး စိုက်ထုတ်သုံးစွဲခဲ့ရတယ်လို့ ဆိုကြပါတယ်။

ဒါ့အပြင် စိုက်ပျိုးကုန်ကျစရိတ် မတတ်နိုင်တာကြောင့် တောင်သူအများစုဟာ ယူရီးယားမြေဩဇာကို ပုံမှန်နှုန်းထားထက် လျှော့ချသုံးစွဲခဲ့ကြတဲ့အတွက် သီးနှံအထွက်နှုန်းအပေါ်လည်း ထိခိုက်မှုတွေလည်း ဖြစ်ပေါ် ခဲ့ပါတယ်။

အခုလို ပြည်တွင်းယူရီးယားမြေဩဇာစျေး အဆမတန် မြင့်တက်ပြီး တောင်သူတွေ စိုက်စရိတ် ပိုမို မြင့်တက်လာရတာက  စစ်တပ်ပိုင် မြန်မာစီးပွား ရေးကော်ပိုရေးရှင်း (MEC) ရဲ့ လက်အောက်ခံ ကုမ္ပဏီ တစ်ခုဖြစ်တဲ့ The Alps Trading Company Limited က ယူရီးယားတင်သွင်းခွင့်ကို တဦးတည်း ယူထားပြီး၊ ပြည်တွင်းယူရီးယား (ပုလဲ) မြေဩဇာစျေးကွက်ကို ချုပ်ကိုင်လက်ဝါးကြီးအုပ် စျေးကစားနေတာ ကြောင့် ဖြစ်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စိုက်ပျိုးရေး သွင်းအားစု လုပ်ငန်းရှင်တစ်ဦးက The Farmer Times ကို အတည်ပြု ပြောဆိုထားပါတယ်။

ပဲခူးအနောက်ခြမ်းက တောင်သူဦးစိုးက ပုံမှန် တစ်ဧကကို မြေဩဇာက ၂ အိတ်တော့ သုံးသင့်တယ်။ ဒါမှ စပါးကလည်း ထိုက်သင့်သ လောက် ထွက်မှာ။ မြေဩဇာမသုံးနိုင်ရင် လယ်တွေက စပါးမထွက် ဘူး။ အထွက်လျော့ရင် အကျိုးအမြတ် နည်းမယ်။ အထွက်နူန်းသိသိသာသာ ကျရင်တော့ အရှုံးပေါ်မှာ ပေါ့ဗျာ။ ယူရီးယားမြေဩဇာ တစ်အိတ်ကို ၁၃၀,၀၀၀ တန်နဲ့ ၁၅ ပတ်လည် တစ်အိတ်သုံးမယ်ဆိုရင် ၃ သိန်းကျော်နေပြီ။ အဲဒီအတွက် ငွေကြေးအရင်းအနှီးက လိုပြန်တယ်။ အခုဆို လယ်သမားတွေမှာ အရင်းအနှီးမရှိလို့ မြေဩဇာကို အကြွေးစနစ်နဲ့ ယူပြီးသုံးနေရတယ်။ အကြွေးစနစ်ကတော့ သူ့ဒေသ အလိုက် ဈေးနူန်းကွာတာပေါ့။ ကျွန်တော်တို့ဘက်ကတော့ ၁၅၀,၀၀၀ အကြွေးနဲ့ပါ။ ” လို့ ပြောပါ တယ်။

ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီကတော့ မြေပြင်မှာ အရောင်း ဆိုင်တွေ ရည်ညွှန်းဈေးနှုန်းနဲ့အညီ မရောင်းချပါက ကော်မတီနဲ့ မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့် စိုက် ပျိုးရေးဆေး လုပ်ငန်းရှင်များအသင်း (MFSPEA) ကို ဆက်သွယ်တိုင် ကြားနိုင်တယ်လို့ ပြောဆိုထားပါ တယ်။

ဒါကြောင့် ပြင်ပစျေးကွက်မှာ  ဓာတ်မြေဩဇာစျေး ကျဆင်းမှုမရှိတဲ့  အခြေအနေနဲ့ ပတ်သက်ပြီး The Farmer Times က MFSPEA အသင်းကို ဖုန်းဆက်သွယ်ခေါ်ဆိုခဲ့ပေမယ့် ပြန်လည်ဖြေကြားခြင်း မရှိခဲ့ပါဘူး။

သွင်းအားစု လုပ်ငန်းရှင်တချို့ကတော့ ယခင် ကမ္ဘာ့ပေါက်စျေး ယူရီးယားတစ်တန် ၈၀၀ ကျော်လောက် စျေးနဲ့ တင်သွင်းထားတာ အပါအ ဝင် ရန်ကုန်ကနေ နယ်ကိုသယ်ယူရတဲ့ သယ်ယူပို့ဆောင်ရေးစရိတ်၊ အလုပ်သမား ငှားရမ်းခတွေ မြင့်တက်လာတာကြောင့် မြေဩဇာစျေးက မကျဆင်းရတာ ဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။

သယ်ယူစရိတ်တွေက အရင်ကထက် များလာတယ်လေ။ အဲဒီတော့ ကျရမယ့် ဈေးထက်ပိုပြီး များနေ တာမျိုး ဖြစ်နေတာပါ။ သူတို့သတ်မှတ် ရန်ကုန်လက်ကားဈေးက ၁၂၀,၀၀၀ ရှိတယ်လေ။ အဲဒါကိုမှ ဝယ်ပြီး သယ်ရတယ်။ တဆင့်ထပ်ဖြန့်ရတယ်ဆိုရင် ဈေးကပိုသွားတာပေါ့။ ခုလည်း ကျတော့ကျပါ တယ်။ အရင်က မြင်းပျံပုလဲဆိုရင် ၁၇၅,၀၀၀ လောက်ရှိတာကို အခု ၁၆၅,၀၀၀ ပဲရှိတယ်။ ” လို့ ဓာတ် မြေဩဇာ အရောင်းဆိုင်ပိုင်ရှင်တစ်ဦးက ဆိုပါတယ်။

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသိုက်စိုက်တော့ တောင်သူတွေ အ နေနဲ့   ဓာတ်မြေဩဇာကို ဈေးနှုန်းသက်သာစွာ ဝယ်ယူနိုင်ဖို့အတွက်  သမဝါယမစနစ်နဲ့  ဖြန့်ဖြူးရောင်း ချပေးနေတယ်လို့ ဇူလိုင် ၃ ရက်က ကျင်းပခဲ့တဲ့ တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အ စည်းအဝေး (၁၂) ရက်မြောက်နေ့မှာ ပြောကြားခဲ့ပါတယ်။

ဒါပေမယ့် မြေပြင်မှာတော့ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ ၊ စိုက်ပျိုးရေးဦးစီးဌာန အပါအဝင် စတဲ့ ဌာနဆိုင် ရာ အဖွဲ့တွေဘက်က စျေးနူန်းသက်သာစွာနဲ့  မြေဩဇာ ဝယ်ယူနိုင်မယ့် အစီအစဥ်ကို တောင်သူတွေက မသိရှိရဘဲ အပြင်ဈေးကွက်က သတ်မှတ်တဲ့ ဈေးနှုန်းအတိုင်းသာ ဝယ်ယူသုံးစွဲနေကြရတာ ဖြစ်ပါတယ်။

လုပ်ငန်းရှင်တွေနဲ့ သုံးသပ်သူတို့ရဲ့ အဆိုအရ စစ်တပ်ပိုင် မြန်မာစီးပွားရေးကော်ပိုရေးရှင်း (MEC) ရဲ့ လက်အောက်ခံ ကုမ္ပဏီတစ်ခုဖြစ်တဲ့ The Alps Trading Company Limited က ယူရီးယားတင်သွင်းခွင့်ကို တစ်ဦးတည်းချုပ်ကိုင်ထားပြီး ဦးဆောင်ကော်မတီနှင့် ပူးပေါင်းကာ ဈေးကွက်ကို လက်ဝါးကြီးအုပ် ခြယ်လှယ်နေခြင်းက အခုလို မြေဩဇာဈေးနှုန်း မကျဆင်းရခြင်းရဲ့ အဓိကဇစ်မြစ် ဖြစ်တယ်လို့ သိရှိရပါတယ်။

တစ်ဖက်မှာလည်း သယ်ယူပို့ဆောင်ရေးစရိတ်နဲ့ လုပ်ခလစာများ မြင့်တက်လာမှုကို အကြောင်းပြ နေ ကြပေမယ့် ကမ္ဘာ့သွင်းအားစုဈေးနှုန်းများ စစ်ပွဲမဖြစ်ပွားမီ အခြေအနေသို့ ရောက်ရှိနေပြီဖြစ်ရာ ပြည် တွင်းဈေးနှုန်းတွေ အခုလိုစံချိန်တင် မြင့်မားနေတာဟာ လုံးဝဆီလျော်မှု မရှိတာကို တွေ့ရပါတယ်။

တောင်သူတွေကတော့ စပါးစိုက်ခင်းအတွက် နိုက်ထရိုဂျင်က မဖြစ်မနေ သုံးစွဲဖို့လိုအပ်တာကြောင့် ယူရီးယားပုလဲဓာတ်မြေဩဇာကို စျေးနူန်းသက်သာစွာနဲ့ တောင်သူတိုင်း ဝယ်ယူရရှိနိုင်ဖို့ လိုအပ်နေတယ် လို့ တောင်းဆိုထားပါတယ်။

လယ်သမားတွေရဲ့ စပါးစိုက်ခင်းတွေ အထွက်နူန်းတိုးဖို့အရေးဟာ ဓာတ်မြေဩဇာ သုံးစွဲမှုအပေါ် အဓိက မူတည်နေသလို မြက်၊ ပေါင်းရှင်းဖို့ကလည်း အဓိကကျတဲ့ အခန်းကဏ္ဍမှာ ရှိနေတာ ဖြစ်ပါတယ်။

ဒါကြောင့် သွင်းအားစုတွေကို သင့်တင့်မျှတတဲ့ စျေးနူန်းနဲ့ ဝယ်ယူရရှိဖို့လိုအပ်သလို စိုက်ပျိုးရေးသုံး ဆေးတွေကိုလည်း သင့်တင့်မျှတတဲ့ စျေးနူန်းတွေဖြစ်အောင် လုပ်ပေးဖို့ တောင်သူတွေက ဆန္ဒရှိနေကြပါတယ်။

ဒီလိုအခြေအနေမှာ ယခင် NLD အရပ်သား အစိုးရလက်ထက် ၂၀၂၀ ပြည့်နှစ်အထိ ပြည်တွင်းမှာ ယူရီး ယား(ပုလဲ) ဓာတ်မြေဩဇာ တစ်အိတ်ကို ၂၅,၀၀၀ မှ ၃၅,၀၀၀ ကျပ်စျေးနဲ့သာ အလွယ်တကူ လိုအပ်သ လောက် ဝယ်ယူသုံးစွဲခွင့် ရရှိခဲ့တာကို တောင်သူလယ်သမားတွေက မမေ့လျော့ကြပါဘူး။

စစ်တပ်က အာဏာသိမ်းပြီးနောက်  ၅ နှစ်အတွင်းမှာ  ယူရီးယားမြေဩဇာစျေး ဆယ်ဆနီးပါး မြင့်တက် လာခြင်းဟာ မြန်မာ့လယ်ယာကဏ္ဍရဲ့ ရပ်တည်မှုကို အကြီးအကျယ် ခြိမ်းခြောက်လာနေပြီ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Copyright © All rights reserved. | Newsphere by AF themes.