ပြည်ပဝယ်လိုအား တန်ချိန်သောင်းချီ ရှိနေတဲ့အတွက် ပြောင်းစျေးမြင့်တက်လာ
The Farmer Times၊ နိုဝင်ဘာလ ၁၃ ရက်၊ ၂၀၂၆။
အခုနှစ်မှာ မြန်မာ့ပြောင်းကို အိန္ဒိယနဲ့ ဖိလစ်ပိုင်နိုင်ငံတို့က တန်ချိန် သောင်းနဲ့ချီ ပြီး ဝယ်လိုအားရှိနေတဲ့ အတွက် ပြောင်းစျေးမြင့်တက်လာပြီး ရန်ကုန်၊ ဘုရင့်နောင်ကုန်စည်ဒိုင်မှာ တပိဿာကို ၁,၈၆၀ မှ ၁,၈၈၀ ကျပ်အထိ ပေါက်စျေးရှိလာတယ်လို့ ကုန်သည်တွေက ပြောပါတယ်။
လက်ရှိမှာ မြန်မာ့ပြောင်းကို လစဥ် ဖိလစ်ပိုင်နိုင်ငံကို တန်ချိန် သောင်းနဲ့ချီပြီး တင်ပို့မှုရှိနေတဲ့အပြင် အိန္ဒိ ယနိုင်ငံကပါ ပြောင်းဝယ်ယူလိုကြောင်း အမှာရှိလာတာကြောင့် ပြည်တွင်းပြောင်းစျေး ဆက်တိုက်တက် မြင့်တက်လာ ဖြစ်ပါတယ်။
ပြည်ပတင်ပို့မှု အားကောင်းနေတဲ့အတွက် ပြည်တွင်းစျေးကွက်မှာ ပြောင်းဆံစျေးက တစ်ပိဿာကို ၂,၀၀၀ ကျပ်လောက်အထိ ရောက်ရှိလာနိုင်တယ်လို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။
” ကျွန်တော်တို့ ကုမ္ပဏီတခုတည်းတင် ၁၈ ရက်မှာ တန်ချိန် လေးထောင်လောက် ပို့ဖို့ရှိတယ်။ ကျန် တဲ့တင်ပို့မယ့် ကုမ္ပဏီတွေလည်း ရှိတယ်ဆိုတော့ တန်ချိန် တသောင်းလည်း ဖြစ်နိုင်တယ်။ နှစ်သောင်း လည်း ဖြစ်နိုင်တယ်။ ဖိလစ်ပိုင်က ဒီတလတည်း ဝယ်တာမဟုတ်ပါဘူး။ လစဥ်ဝယ်ပါတယ်။ အိန္ဒိယက တော့ နဂိုကတည်းက ပြောင်းကို ပြန်တင်ပို့တာ။ အခုလည်း သူတို့လိုအပ်လို့ ဖွင့်ဝယ်တယ်။ ဘယ် အချိန် အဝယ်ရပ်မလဲ မပြောတတ်တော့ စျေးကွက်အတက်အကျ မှန်းရခက်တယ်။ ” လို့ ရန်ကုန်မြို့က ပြောင်း လုပ်ငန်းရှင် တစ်ဦးက ပြောပါတယ်။
ရှမ်းပြည်နယ်၊ တောင်ကြီးစျေးကွက်မှာတော့ ပြောင်းဆံ တစ်ပိဿာကို ၁,၇၃၀ ကျပ်စျေးရှိနေပြီး၊ အခု ရက်ပိုင်းမှာတော့ မိုးရွာနေတဲ့အတွက် အရောင်းအဝယ် အေးနေတယ်လို့ သိရပါတယ်။
အခုနှစ်မှာ ပြောင်းကို ပြည်ပဝယ်လိုအား ကောင်းနေပေမယ့် ပြောင်းစိုက်ပျိုးမှု လျော့ကျပြီး အထွက်နှုန်း လျော့ကျတဲ့ အခြေအနေကြောင့် ဝယ်လိုအားမြင့်တက်ပြီး ရောင်းလိုအားနည်းပါးတဲ့ အခြေအနေ ကြောင့် စျေးကမြင့်တက်လာတာ ဖြစ်တယ်လို့ ကုန်သည်တွေက ဆိုပါတယ်။
” ရှမ်းပြောင်းတွေက အခုမှစ ပေါ်နေတာ။ အခုပေါ်သူတွေ စျေးကောင်းမိတာပေါ့။ အခုမိုးများတော့ ကြောက်နေရတယ်။ ခုဖြစ်နေတဲ့ စျေးနူန်းတွေအရဆိုရင် ပြောင်း တစ်ပိဿာကို ၂,၀၀၀ လောက်ရသင့် တယ်။ ဒါမှ ခေတ်နဲ့လည်းကိုက်မှာ။ တောင်သူလည်း အဆင်ပြေမှာ။ တောင်သူကလည်း ဝယ်စားနေရ တာပဲလေ။ ” လို့ ပဲခူးတိုင်း၊ ပြည်မြို့နယ်က ပြောင်းစိုက်တောင်သူ ဦးဝင်းမောင်က ပြောပါတယ်။
အခုနိုဝင်ဘာလ ပထမပတ်အတွင်းက ရန်ကုန်၊ ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပြောင်း တစ်ပိဿာကို ၁,၈၄၀ မှ ၁,၈၈၀ ကျပ်စျေးရှိခဲ့ပြီး၊ မန္တလေးဈေးကွက်မှာတော့ တစ်ပိဿာကို ၁,၇၃၀ မှ ၁,၆၈၀ ကျပ်စျေးရှိနေ ခဲ့ပါတယ်။
လက်ရှိမှာ မြန်မာ့ပြောင်း အဓိကဝယ်လက်ဖြစ်တဲ့ ထိုင်းနိုင်ငံက ပြောင်းကို နယ်စပ်အခွန်ကင်းလွတ်ခွင့် ပိတ်ထားချိန်ဖြစ်ပေမယ့် အိန္ဒိယ၊ တရုတ်နဲ့ ဖိလစ်ပိုင်နိုင်ငံတွေကို ပင်လယ်ရေကြောင်းကနေ အဓိ ကတင်ပို့နေရတဲ့အတွက် FOB ဈေးနှုန်းက တစ်တန်ကို အမေရိကန်ဒေါ်လာ ၂၇၅ မှ ၂၈၅ ဒေါ်လာ ဝန်းကျင် ရှိနေပါတယ်။
လတ်တလော ထိုင်းနိုင်ငံရဲ့ တိရစ္ဆာန်အစာစပ်စက်ရုံတွေက အစိုဓာတ် ၁၄ဒသမ၅ ရာခိုင်နှုန်းရှိ ပြောင်း တစ်ကီလိုဂရမ်ကို အနည်းဆုံး ၉ဒသမ၈၀ ဘတ် (တစ်တန်ကို အမေရိကန်ဒေါ်လာ ၃၄၀ ဝန်းကျင်) အထိ ဈေးနှုန်းမြင့်တက်နေပြီး၊ တချို့ဒေသတွေမှာ ကုန်ကြမ်းပြတ်လပ်မှုတွေနဲ့ ကြုံတွေ့နေရပါတယ်။
ထိုင်းနိုင်ငံဟာ မြန်မာ့အစေ့ထုတ်ပြောင်းရဲ့ အကြီးမားဆုံး ပြည်ပဈေးကွက်ဖြစ်ပြီး ၂၀၂၆ ခုနှစ် အခွန် ကင်းလွတ်ခွင့်ကာလဖြစ်တဲ့ (ဖေဖော်ဝါရီမှ ဩဂုတ်လ) အတွင်း ပြောင်းတန်ချိန် ၁ သန်းခန့် တင်ပို့နိုင်ခဲ့ တယ်လို့ သိရပါတယ်။
အခုဘဏ္ဍာနှစ်မှာတော့ ပြည်ပကို ပြောင်းတန်ချိန် ၁ သန်းခွဲအထိ တင်ပို့နိုင်ဖို့ မျှော်မှန်းထားပြီး၊ ပြီးခဲ့တဲ့ ဘဏ္ဍာ နှစ်ကတော့ ပြည်ပကို ပြောင်းတန်ချိန် ၁ဒသမ၂၃ သန်းကျော် တင်ပို့ခဲ့ပါတယ်။ လက်ရှိမှာ ပြောင်း ကို နယ်စပ်က တင်ပို့မှုရှိနေပေမယ့် တန်ချိန်နည်းပါးပြီး၊ ရေကြောင်းကနေသာ အဓိက တင်ပို့နေတယ်လို့ သိရပါတယ်။
