The Farmer Times အပတ်စဉ် ကုန်စည်စျေးနှုန်း သုံးသပ်ချက်
The Farmer Times၊ ရန်ကုန်၊ ဇွန် ၁၆ ၊ ၂၀၂၆
အခုဆက်ပြီး ဇွန်လ ၅ ရက်ကနေ ဇွန်လ ၁၂ နေ့အထိ စျေးကွက်အတွင်း အတက်အကျ အနိမ့်အမြင့် ဖြစ် သွားတဲ့ လယ်ယာထွက်ကုန် သီးနှံဈေးနှုန်းများ ဖြစ်ပါတယ်။
ရန်ကုန်၊ ဘုရင်နောင်ကုန်စည်ဒိုင်မှာ ပြည်ပပို့ကုန် ပဲအမျိုးအစားတွေဖြစ်တဲ့ မတ်ပဲက စျေးဆက် လက် မြင့်တက်နေပြီး၊ ပဲစင်းငုံကတော့ စျေးအနည်းငယ် ကျဆင်းသွားပါတယ်။ ပဲတီစိမ်း (ပဲခူးရွှေဝါ၊ ခရမ်း ရွှေဝါနဲ့ ဝါးခယ်မ) က စျေးတည်ငြိမ်နေပြီး၊ အညာပဲတီစိမ်းကတော့ စျေးအဆမတန် ကျဆင်းနေတာကို တွေ့ရပါတယ်။ ပြောင်းဆံနဲ့ ကြက်သွန်ဖြူ စျေးတွေလည်း ကျဆင်းနေတာကို တွေ့ရပါတယ်။
မတ်ပဲ၊ ပဲစင်းငုံ၊ ပဲတီစိမ်း
မတ်ပဲကတော့ အရောင်းအဝယ် ဆက်တိုက်ရှိနေတဲ့အတွက် စျေးအနည်းငယ် မြင့်တက်လာပါတယ်။ အိန္ဒိယအစိုးရကလည်း အခွန်လွတ် တင်သွင်းခွင့်ကာလကို နောက်ထပ်တစ်နှစ် သက်တမ်းတိုးပေး ထား တာကြောင့် အရောင်းအဝယ် သွက်နေပါတယ်။
ရန်ကုန်၊ ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ဇွန် ၅ ရက်နေ့က မတ်ပဲ (FAQ ) တစ်တန်ကို ၃,၀၅၈,၀၀၀ ကျပ် ပေါက်စျေးရှိပြီး၊ ဇွန်လ ၁၂ ရက်နေ့ စျေးပိတ်ချိန်မှာတော့ တစ်တန်ကို ၃,၀၇၁,၀၀၀ ကျပ်ထိ ပေါက် စျေးရှိခဲ့ပါတယ်။ တပတ်အတွင်းမှာ ၁၃,၀၀၀ ကျပ်လောက် စျေးတက်လာတာ ဖြစ်ပါတယ်။
ပဲစင်းငုံနီ (RC) ကတော့ ဇွန် ၅ ရက်နေ့က တစ်တန်ကို ကျပ်သိန်း ၃,၁၂၁,၀၀၀ ပေါက်စျေးရှိခဲ့ပြီး၊ ဇွန်လ ၁၂ ရက်နေ့ စျေးပိတ်ချိန်မှာတော့ တစ်တန်ကို ၃,၁၁၁,၀၀၀ ကျပ်ကို ကျဆင်းသွားပါတယ်။ တပတ်အတွင်း တစ်တန်ကို ၁၀,၀၀၀ ကျပ်လောက် စျေးကျသွားတာ ဖြစ်ပါတယ်။
ပဲတီစိမ်း (ခရမ်းရွှေဝါ) နဲ့ ပဲခူးရွှေဝါက က ဇွန်လ ၁၂ ရက်နေ့မှာ တစ်ပိဿာကို ၆,၀၀၀ ကျပ်၊ ဝါးခယ်မက ၅,၂၅၀ မှ ၅,၂၇၀ ကျပ်နဲ့ အရင်တပတ်ကအတိုင်း စျေးငြိမ်နေပါတယ်။ ပဲတီစိမ်း အညာကတော့ ၄,၄၁၅ မှ ၄,၄၂၀ ကျပ် ပေါက်စျေးရှိပြီး၊ တစ်ပိဿာကို ၇၆၀ ကျပ်လောက် စျေးကျသွားပါတယ်။
ကြက်သွန်ဖြူ
ရန်ကုန်၊ ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ဇွန်လ ၅ ရက်နေ့မှာ ကြက်သွန်ဖြူ(အောင်ပန်း)က အမျိုးအစားအ လိုက် တစ်ပိ၁သာကို ၅,၀၀၀ ကနေ ၈,၅၀၀ ကျပ်အထိ ပေါက်စျေးရှိခဲ့ပြီး၊ ကြက်သွန်ဖြူ (ကြူကုတ်) က တော့ တစ်ပိဿာကို ၁၉,၅၀၀ ကျပ် ပေါက်စျေးရှိခဲ့ပါတယ်။
ဇွန်လ ၁၂ ရက်နေ့မှာတော့ ကြက်သွန်ဖြူ (အောင်ပန်း) က အမျိုးအစားအလိုက် တစ်ပိဿာကို ၄,၈၀၀ ကျပ်ကနေ ၈,၅၀၀ ကျပ်စျေးဝန်ကျင်မှာ ဆက်ရှိနေပြီး၊ ကြက်သွန်ဖြူ(ကြူကုတ်)ကတော့ တစ်ပိဿာကို ၁၅,၀၀၀ ကျပ် ပေါက်စျေးရှိနေပါတယ်။ တစ်ပတ်အတွင်း တစ်ပိဿာကို ၄,၅၀၀ ကျပ်လောက်ထိ ထိုးကျသွားတာ ဖြစ်ပါတယ်။
ပြောင်း
ပြောင်းဆံကတော့ အရောင်းအဝယ် သွက်နေပြီး၊ ပြည်ပတင်ပို့မှု ရှိပေမယ့်လည်း စျေးကျဆင်းနေ ပါတယ်။ ထိုင်းအစိုးရက အခွန်ကင်းလွတ်ခွင့်နဲ့ ပြောင်းတင်ပို့ခွင့်ကာလ ထပ်တိုးပေးလိုက်တာကြောင့် ပြည်တွင်းပြောင်းစျေး ပြန်တက်လာနိုင်တယ်လို့လည်း သုံးသပ်မှုတွေ ရှိနေပါတယ်။
ရန်ကုန်၊ ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ဇွန်လ ၅ ရက်နေ့မှာ ပြောင်းဆံ တစ်ပိဿာကို ၁,၈၈၀ ကျပ်ကနေ ၁,၉၀၀ ကျပ်ထိ ပေါက်စျေးရှိခဲ့ပြီး၊ ဇွန်လ ၁၂ ရက်နေ့မှာတော့ ပြောင်းဆံ တစ်ပိဿာကို ၁,၈၅၀ ကျပ်က နေ ၁,၈၇၀ ကျပ် စျေးရှိနေပါတယ်။ တစ်ပတ်အတွင်း တစ်ပိဿာကို ၃၀ ကျပ်လောက် စျေးကျသွားတာကို တွေ့ရပါတယ်။
အခု တင်ဆက်ပေးထားတဲ့ သီးနှံစျေးနှုန်းတွေက အချိန်နဲ့ အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။
